ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များ၏ လယ်ဧက ၁၀၀၀ ကျော်သည် တိုက်ပွဲများကြောင့် သုံး နှစ်ကြာ စိုက်ပျိုးနိုင်ခြင်းမရှိပဲ ပစ်ထားရကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ဘေးရှောင်များသည် လယ်လှ၊ သူဌေးကုန်း၊ နှမဒါ၊ နန်းချောင်းဝ၊ စိမ်းညင်းဝ၊ အောက်သဲမဝ၊ ကျောက်ဖြာ၊ သာကာချောင်း၊သရက်တောင်နှင့် အခြားကျေးရွာများမှ ဖြစ်ပြီး လယ်များနှင့်အတူ ကျွဲ၊ နွား၊ စပါးကျီများကိုလည်း ပစ်ထားခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ရွာဘက်က လူတွေက လယ်လုပ်ကြတယ်၊ အိမ်တိုင်းမှာ စပါးအတင်း ၅၀၀နဲ့အထက် စပါးကျီတွေ ရှိတယ်၊ ပြီးတော့ နွားတွေ၊ ကျွဲတွေ ဝက်တွေကို မွေးကြတယ်။ အခုအဲဒါတွေ ပစ်ထားပြီးရှောင်နေရတာ သုံးနှစ်ရှိနေပြီ” ဟု သူဌေးကုန်းကျေးရွာသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပလက်ဝမြို့နယ် အောက်ပိုင်းဒေသ ကျေးရွာများတွင် နေထိုင်သည့် ပြည်သူများသည် လယ်ယာကို အဓိက လုပ်ကိုင်စားသောက်ကြပြီး စီးပွားဖြစ် ကျွဲ၊ နွား၊ ဝက်များကို မွေးမြူကြသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၇ ရက်နေ့ က စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် နန်းချောင်းဝကျေးရွာကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးမှားကြဲကာ ကလေးငယ် တစ် ဦးအပါဝင် ပြည်သူ ၇ ဦးသေဆုံးပြီး ၈ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

၎င်းတိုက်ပွဲကြောင့် နန်းချောင်းဝကျေးရွာအပြင် အနီးနားရှိ ကျေးရွာများမှ ပြည်သူများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်မှာ ယနေ့ထိတိုင်ဖြစ်ကာ အချိန်အားဖြင့် သုံးနှစ်ကျော်ရှိလာပြီဟု နန်းချောင်းဝကျေးရွာသား တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ ရွာကို AA က အမြဲ အဝင်ထွက်လုပ်တော့ စစ်သားတွေက လေယာဥ်နဲ့ ဗုံးကျဲတာပါ၊ အဲ့ကတည်းက ကျွန်တော်တို့က လယ်တွေ၊ ကျွဲတွေ၊ နွားတွေ၊ စပါးကျီတွေ ပစ်ထားခဲ့ပြီး မြို့ပေါ်ထွက်ပြေးခဲ့ရတာ၊ အခုထိ အိမ်မပြန်နိုင်သေးဘူး”ဟု ဆိုသည်။

သုံးနှစ်ကြာ ပစ်ထားခံရသည့် လယ်ဧက ၁၀၀၀ ကျော်သည် ယခုခါ သစ်တော၊ ဝါးတော၊ ခြုံတောများ ဖြစ်နေကြောင်း သိရသည်။

ပစ်ထားခဲ့ရသည့် ဒေသခံများ၏ ကျွဲ၊ နွားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရခိုင်ပြည်နယ်တွင် ရောင်းချနေသည်ဟု ဒေသခံများက ဆိုသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ပြည်သူအများစုသည် တောင်ယာကို အဓိကလုပ်ကိုင်ကြသော်လည်း မြို့နယ်အောက်ပိုင်းတွင် လယ်ယာကို အဓိက လုပ်ကိုင်နေကြသူများလည်း ရှိသည်။

#တိုက်ပွဲ #ပလက်ဝမြို့နယ် #လယ်ဧက၁၀၀၀ #၃နှစ် #စိုက်ပျိုးနိုင်ခြင်းမရှိပဲ #ပစ်ထားရ
#Ayeyarwaddy_Times