
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် လမ်းဘေးစျေးဆိုင်များအား ဖျက်သိမ်းခိုင်းခဲ့သောကြောင့် ကားလမ်းမဘေး စျေးရောင်းချနေရသော ပျံကျစျေးသည်များ အခက်အခဲကြုံနေရကြောင်း ဒေသခံများထံမှသိရသည်။
မြောင်းမြမြို့နယ်ရှိ ရွာသစ် ၊မြောင်းမြ ကားလမ်းဘေးတစ်လျှောက်ရှိ စျေးဆိုင်များအား စစ်ကောင်စီလက်အောက်ခံ ဌာနများမှ လမ်းဧရိယာအတွင်း ဝင်ရောက်သည်ဟုဆိုကာ ဖျက်သိမ်းခိုင်းခဲ့သောကြောင့် စျေးဆိုင်ကို အမှီပြုကာ ဝမ်းစာရှာဖွေနေရသော ပျံကျစျေးသည်များအတွက် အခက်ခဲများစွာရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
“လမ်းဦးစီးဌာနက လမ်းနယ်ထဲမလွတ်လို့ဆိုပြီးဖျက်ခိုင်းလို့ အိမ်တွေတော့ဖျက်ပေးလိုက်ရတယ်။ နောက်တစ်ခေါက်ကျတော့မှ လူတွေစုခေါ်ပြီးတော့ ဆိုင်တွေဖျက်ရမယ်ဆိုပြီး လက်မှတ်ထိုးဖျက်ခိုင်းတာပါ “ဟု မြောင်းမြမြို့နယ်မှ ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ လက်အောက်ခံ ဌာနများမှ လမ်းနယ်မလွတ်ဟုဆိုကာ ဖျက်သိမ်းခိုင်းခဲ့သော်လည်း လမ်းချဲ့ခြင်း လမ်းပြင်ခြင်းများကို ပြုလုပ်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။
“လမ်းနယ်မလွတ်လို့ ဆိုပြီးဖျက်ခိုင်းတာက NLD အစိုးရလက်ထက်မှာကတည်းက ဖျက်ခိုင်းတာပါ။ ဒါပေမဲ့ ပြည်သူတွေခက်ခဲနေတာသိတော့ ထိန်းပြီးနေခိုင်းခဲ့တယ်။ အခုစစ်ကောင်စီလက်ထက်မှာ ဖျက်ခိုင်းတယ် မဖျက်ရင် ဘူဒိုဇာနဲ့ထိုးမယ်လို့ပြောတယ်။ ကျွန်တော်တို့က ဒီဆိုင်လေးကိုမှီပြီး စျေးရောင်းစားနေရတာပါ အခုကျတော့ ခုံလေးတွေနဲ့ထွက်ရတယ် အရင်လိုလည်းရောင်းမကောင်းတော့ဘူး။ ဒီကြားထဲ လူကြီးလမ်းကြောင်းလာတဲ့နေဆိုလည်း ဆိုင်မထွက်ရဘူး။ အဘွားကြီးကတော့ သူ့မြေးလေးနဲ့ ကောက်ထွက်ရိတ်နေရပြီ”ဟု မြောင်းမြမြို့နယ်မှ ဒေသခံအမျိုးသားကြီးတစ်ဦးကပြောသည်။
စစ်ကောင်စီလက်ထက်တွင် ဧရာဝတီတိုင်းအတွင်းရှိ လမ်းနယ်နိမိတ်မလွတ်သော အိမ်များနှင့်ဆိုင်များအား ဖျက်သိမ်းခိုင်းခဲ့သော်လည်း အိမ်မဲ မြို့နယ်တွင် လက်ရှိ လမ်းနယ်အတွင်း အခိုင်အမာ တည်ဆောက်ထားသော အဆောက်ဦးများကို ဖျက်သိမ်းခိုင်းခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။
#မြောင်းမြမြို့ #လမ်းဘေးစျေးဆိုင် #ဖျက်သိမ်းခိုင်း #ကားလမ်းဘေး #စျေးသည်များအခက်တွေ့
#Ayeyarwaddy_Times