
နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့ အမှတ် (၁၂)ရပ်ကွက် မြို့သစ် (၅)လမ်းတွင် ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး၏ တိုင်းရုံး ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဟာသပညာရှင် တိုင်းရုံးကို၊ လူရွှင်တော် ဒိန်းဒေါင်၊ လူရွှင်တော် ငြိမ်းချမ်း နှင့် လူရွှင်တော် အုန်းသီးတို့မှ ဦးဆောင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး လူရွှင်တော်အချို့ပါဝင် တက်ရောက်ခဲ့ကာ ညပိုင်းတွင် ဖျော်ဖြေပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။
“မြန်မာနိုင်ငံ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ စစ်ပွဲတွေ ဖြစ်ပွားနေတယ်။ ပြည်သူတွေ စစ်ဘေးရှောင်နေရတဲ့အချိန်မှာ ကျွန်တော်တို့မြို့က တော့သာယာနေတာပဲ။ စစ်ကောင်စီအလိုကျ လိုက်လုပ်ပေးနေပြီး ကိုယ်ချင်းစာတရား ကင်းမဲ့သူတွေဖြစ်နေပြီ” ဟု မအူပင်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်တပ်အာဏာသိမ်းခဲ့စဉ်က စစ်အာဏာရှင်အလိုမရှိကြောင်း လမ်းပေါ်ထွက် ဆန္ဒဖော် ထုတ်ခဲ့ ရာတွင် အနုပညာရှင်များ နှင့် ဟာသပညာရှင် အများအပြားသည် ပြည်သူများ နှင့်အတူ ပါဝင်ခဲ့သော်လည်း ယခုအခါတွင် ဟာသပညာရှင် အချို့နှင့် အနုပညာရှင်အချို့က စစ်ကောင်စီ အလိုကျ လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
“မျက်နှာပြောင်တိုက်လွန်းပါတယ်ဗျာ။ လူရွှင်တော်ဆိုတာ ပြည်သူအများရဲ့ ပျော်ရွှင်မှုတွေ ပေးရတာမဟုတ်ဘူးလား။ ပြည်သူတွေအားပေးမှ ပွဲကရတဲ့သူတွေက အခုပြည်သူတွေ အစစအရာရာ အခက်အခဲ အကျပ်တည်းတွေနဲ့ ရင်ဆိုင်နေ ရတဲ့အချိန်ပါ။ နယ်စပ်တွေမှာဆို စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲလို့ သေတဲ့သူသေ၊ လွတ်ရာပြေးသူပြေးနဲ့ လုပ်နေရတဲ့အချိန်မှာ သူတို့(စစ်ကောင်စီ)အလိုကျ လုပ်ဆောင်ပေးနေတာ” ဟု မအူမြို့ရှိ ဒေသခံက ဆိုသည်။
ပုံစာ- ဟာသပညာရှင်များ တိုင်းရုံးဖွင့်ပွဲ နှင့် ညပိုင်းလူရွှင်တော်များ ဖျော်ဖြေနေစဉ်
#မအူပင်မြို့ #ဟာသပညာရှင်များအစည်းအရုံး #တိုင်းရုံးဖွင့်လှစ် #Ayeyarwaddy_Times