ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ နိုဝင်ဘာလ ၆ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက နိုဝင်ဘာ ၄ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းတပ်-မတူပီလမ်းရှိ ၁၆ မိုင်နှင့် ပန်းစခန်းရှိ လူနေအိမ် သုံးလုံးပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီက လေကြောင်းဖြင့် နှစ်ကြိမ်လာရောက်၍ ဗုံး ခြောက်လုံးကြဲချခဲ့ခြင်းဖြစ်ပြီး အများပြည်သူသွားလာရာ လမ်းဘေးရှိ လူနေအိမ်များ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မင်းတပ်တက္ကသိုလ်ကို ပြန်ဖွင့်ဖို့ စစ်ကောင်စီဖက်က ကြိုးစားတာတွေရှိခဲ့တော့ အဲဒီပတ်ဝန်းကျင်ကို နယ်မြေရှင်းလင်းတယ်လို့ ယူဆတာပဲ။ ကြားရသလောက်တော့ လူမနေတော့တာကြာပြီ။ တချို့မီးရှို့ခံရတာတွေ၊ လက်နက်ကြီးကြောင့် ပျက်စီးတာတွေရှိခဲ့တော့ လူလည်းမနေကြတော့တာများတယ်” လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှ အဖွဲ့ဝင်ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မင်းတပ်မြို့နယ်၊ ၁၆ မိုင်နှင့် ပန်းစခန်းသည် မင်းတပ်-မတူပီလမ်းတွင် တည်ရှိပြီး မင်းတပ်မြို့၊ အခြေစိုက် ခလရ ၂၇၄ စစ်ကောင်စီတပ်ရင်းကလည်း လေကြောင်းတိုက်ခိုက်သည့် နေရာဘက်သို့ လက်နက်ကြီး ငါးကြိမ် ပစ်ကူပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးမြို့နယ်ထဲတွင် မင်းတပ်မြို့နယ်လည်း ပါဝင်နေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် ဒေသခံများလည်း သေဆုံး၍ နေအိမ်အများအပြားလည်း ပျက်စီးခဲ့သည်။

ဓာတ်ပုံ-စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော လူနေအိမ်များ
#မင်းတပ် #တိုက်ပွဲဖြစ်ပွားခြင်းမရှိ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #လူနေအိမ်သုံးလုံးပျက်စီး