ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၅ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် တည်ဆောက်ရန်လျာထားသော ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် ပါဝင်နေသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီးမံကိန်း အကောင် အထည် ဖော်ရာတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်းထည့်ဝင်နိုင်သော မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများပါဝင်နိုင်ရန် အဆိုပြုလွှာခေါ်ယူကြောင်း စစ်ကောင်စီက ကြေညာသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် စစ်ကောင်စီကအသိအမှတ်ပြုထားသည့် မြန်မာ နိုင်ငံသားပိုင် ကုမ္ပဏီများ ပါဝင်သည့် Myanmar GDE Consortium ဖွဲ့စည်းနိုင်ရေး အတွက် ကုမ္ပဏီများကိုစိတ်ဝင်စားမှုအဆိုပြုလွှာ ( Expression of Interest ) ခေါ်ယူရာတွင် အမေရိကန်ဒေါ်လာအနည်းဆုံး ၅ သန်းထည့်ဝင်နိုင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။

ကျောက်ဖြူစီမံကိန်းအကောင်အထည်ဖော် ရာတွင်ပူးပေါင်းဆောင်ရွက်ရန်အတွက် ပြည်တွင်းတွင်မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံသားပိုင် ပုဂ္ဂလိကကုမ္ပဏီ ( သို့မဟုတ်) အများနှင့်ဆိုင်သောကုမ္ပဏီဖြစ်ပြီး လွန်ခဲ့သည့် ၃ နှစ်အတွင်း လုပ်ငန်းမှ ပျှမ်းမျှဝင်ငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀ နှင့်ညီမျှသည့်ဝင်ငွေရရှိသော ကုမ္ပဏီဖြစ်ရ မည်ဟုဖော်ပြထားသည်။

တရုတ်နိုင်ငံက အကောင်အထည်ဖော်ဆောင်နေသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း (BRI)တွင် ပါဝင်သော ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းထဲမှ ရေနက် ဆိပ်ကမ်းစီမံကိန်းနှင့်တရုတ် -မြန်မာစီပွားရေးစင်္ကြံ (CMEC) အပါအဝင်စီမံ ကိန်းများ ကိုအရှိန်အဟုန်မြင့်တင်နိုင်ရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong က စစ်ကောင်စီကို ပြောကြားထားသည်။

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်း စီမံကိန်းကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ပါက ဒေသခံများနှင့် နိုင်ငံအတွက် အကျိူးရှိမည်ဖြစ်သည်ဟု ပြောကြားထားသည်။

အဆိုပါကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းတွင် စက်မှုဇုန်စီမံကိန်း၊ လူနေ အိမ်ရာစီမံကိန်း နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းသုံးခုပါဝင်ပြီး ရေနက်ဆိပ်ကမ်းစီမံကိန်းကို ကနဦးအကောင် အထည်ဖော်မည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် အစုရှယ်ယာခွဲဝေမှုများနှင့် ပတ်သက်၍ ထပ်မံဆွေးနွေးနေပြီး ကနဦး ရင်းနှီးမြှုပ်နှံမှုတွင် မြန်မာဘက်က မြေနေရာ ၁၅ ရာခိုင်နှုန်းနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ၁၅ ရာခိုင်နှုန်း၊ အကောင်အထည်ဖော်ခွင့်ရသော တရုတ်နိုင်ငံပိုင်ကော်ပိုရေးရှင်း ( China International Trust Investment Corporation- CITIC ) က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းအဖြစ် ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့်အကောင်အထည်ဖော်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် မဒေးကျွန်း ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းဆိပ်ကမ်းကို နှစ်ပိုင်း ခွဲခြားပြီး သင်္ဘောဆိပ်ခံကျောက်ချ ရပ်နားစခန်း ၁၀ ခု၊ စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းအကြားဆက်သွယ်ထားသည့် တံတားနှင့်လမ်းစီမံကိန်းပါဝင်ပြီး စီမံကိန်းတစ်ခုလုံးတည်ဆောက်မှုကြာမြင့်ချိန် နှစ်ပေါင်း ၂၀ အတွင်းအပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း CITIC ကုမ္ပဏီထံက သိရသည်။

လက်ရှိ စစ်ကောင်စီ၏ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီတွင် ဥက္ကဋ္ဌဦးမြင့်သိန်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း)၊ ဒုတိယဥက္ကဋ္ဌ ( ၁) ဦးစံရွှေအောင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် (၂)၊ ဦးဝင်းမြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ( ငြိမ်း) ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးကို တွဲဖက်အတွင်းရေးမှူး (၂) တို့ဖြင့် ပါဝင် ဖွဲ့စည်းထားကြောင်းသိရသည်။

ဓာတ်ပုံ – CITIC

#ကျောက်ဖြူအထူးစီးပွားရေးဇုန် #ကျောက်ဖြူရေနက်စီမံကိန်း #ရခိုင်ပြည်နယ် #ကျောက်ဖြူ #Ayeyarwaddy_Times