ဓာတ်ပုံ-ကျောက်လုံးကြီး KLG တပ်မဟာ

ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ငါးဖျက်ရွာကို ဇူလိုင် ၂၂ ရက် မနေ့က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ် သား ၅ ဦးသေဆုံးတယ်လို့ ကျောက်လုံးကြီးကာ ကွယ်ရေးတပ်ဖွဲ့ထံကသိရပါတယ်။

အင်အား ၈၆ ဦးပါ စစ်ကောင်စီစစ်ကြောင်းကိုကြိုတင်သတင်းရထားတာကြောင့် ငါးဖျက်ရွာအဝင်မှာ တိုက်မိုင်း တွေနဲ့စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး မိုင်း ၃ ကစစ်ကြောင်းတည့်တည့်ကိုခွဲနိုင်ခဲ့လို့ စစ်ကောင်စီတပ်အထိနာခဲ့တယ်လို့ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာသေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ၅ ဦးရဲ့ရုပ်အလောင်းတွေကို ကနီမြို့ပေါ်ကိုသုံးဘီဆိုင်ကယ်နဲ့ပြန်ပို့လိုက်ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောကြားချက်ကိုကိုးကားပြီး ကျောက်လုံးကြီးတပ်ဖွဲ့ကပြောပါတယ်။

” မနေ့ကမနက်ပိုင်းမှာ ကနီမြို့ပေါ်ကစစ်ကြောင်း ငါးဖျက်ကိုလာမယ်ဆိုတာသတင်းရထားတာနဲ့ ငါးဖျက်အဝင်မှာတိုက်မိုင်းတွေထောင်ပြီးစောင့်နေတာ။ မိုင်းဆွဲတာ ၃ လုံးက ထိထိမိမိဆွဲနိုင်ခဲ့တယ်၊ ဆွဲပြီးပြီးခြင်းဝိုင်းပစ်တာ ဒီကောင်တွေ ၅ ကောင်သေတယ်။ သတင်းအတိ အကျက အဲ့ကောင်တွေကို ကနီမြို့ပေါ်ကို သုံးဘီးနဲ့ကိုပြန်ပို့လိုက်ရတာလို့မြင်တဲ့သူတွေဆီကပြန်သိရတာ” လို့ ကျောက်လုံးကြီးကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်က ငါးဖျက်ရွာမှာတပ်စွဲခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ ငါဖျက်ရွာကိုမီးရှို့ခဲ့လို့ နေအိမ် ၁၁ လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

ငါးဖျက်ရွာကိုမီးရှို့ပြီး ထွက်လာတဲ့စစ်ကောင်စီတပ်ကို ငါးဖျက်နဲ့ညောင်ပင်ဝန်းရွားးအကြားမှာ ဒေသခံတွေကထပ်မံတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိခဲ့တယ်လို့ဆိုပါတယ်။

” ဒီမနက်ပိုင်းမှာ ငါးဖျက်ကနေညောင်ပင်ဝန်းကိုဆက်ထွက်လာတာ၊ မထွက်ခင်ငါးဖျက်ကိုမီးရှို့သွားတာ ၁၁ လုံးလောင်သွားတယ်။ အဲ့ဒီစစ်ကြောင်းကိုဘဲ ငါးဖျက်နဲ့ညောင်ပင်ဝန်းကြားမှာ ထပ်တိုက်တာ သူတို့ဘက်ကထိတယ် ဒါပေမယ့် အတည်မပြုနိုင်ဘူး။မနေ့က ငါးကောင်ကိုတော့အတည်ပြုနိုင်တယ်” လို့ သူကဆက်လက်ပြောပါတယ်။

လက်ရှိမှာ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ညောင်ပင်ဝန်းရွာမှာတပ်စွဲထားပြီး အဲ့ဒီရွာနဲ့အနီးတဝိုက်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာဖြစ်ပြီး မနေ့ကတိုက်ပွဲမှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရဒဏ် ရာရရှိခဲ့တယ်လို့ သိရပါတယ်။