ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၃ ရက်

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်၏ အာဏာသိမ်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက အဆိုပါရပ်ကွက်ရှိ အသက် ၂၄ နှစ်အရွယ် ‘‘မောင်ဝေယံဖြိုး’’ ဆိုသူကို ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးပြီး စစ်တပ်လက်သို့ အပ်လိုက်ကြောင်း အဆိုပါရပ်ကွက်နေ ပြည်သူတချို့ထံမှ သိရသည်။

‘‘သူနဲ့ နောက်တယောက်ကို ဖမ်းတာ။ သူတို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ကနေ ဖြတ်အသွားမှာ သူတို့ဖုန်းတွေကို စစ်ပြီးတော့ ဖမ်းတာ။ နောက်တယောက်ကတော့ ဘာမှမတွေ့လို့ဆိုပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တာ။

ပြန်လွှတ်လိုက်ပေမယ့် မျက်နှာတခုလုံးက ဖူးယောင်နေတာပဲလို့ ကျနော်တို့သိရတယ်။ ဝေယံဖြိုးကိုတော့ ဆက်ဖမ်းထားပြီး စစ်တပ်လက်ထဲ အပ်လိုက်တယ်လို့ ကျနော်တို့ကြားတယ်။ သူတို့မိသားစုတွေက တအားကြောက်နေကြတယ်။ ဘာမှန်းမသိရသေးဘူး’’ ဟု ၈၈ ရပ်ကွက်နေ ပြည်သူတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အဖမ်းခံရသော ဝေယံဖြိုးသည် ရပ်ကွက်အတွင်း အနေအေးသော လူငယ်တဦးဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အေးဆေးစွာဖြင့် လုပ်ကိုင်သူတဦးဖြစ်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသည် ယခင်က လူမိုက်ဆန်ဆန် နေထိုင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး စစ်တပ်၏ ကျောထောက်နောက်ခံဖြင့် အဆိုပါရပ်ကွက်တွင် ပြည်သူများအပေါ် ဖိနှိပ်နေသောနေရာတွင် နာမည်ကြီးကြောင်း၊ ယခုအချိန်တွင်လည်း သူ့နောက်လိုက် လူမိုက်များစွာလည်း မွေးထားကြောင်း သိရသည်။

‘‘အဲ့ဒီ အုပ်ချုပ်ရေးမှူး နာမည်က ‘‘တောက်တက်’’ လို့ပဲသိတယ်။ ဒီရပ်ကွက်က အရင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကလည်းတုန်းကလဲ သေခဲ့ရတယ်။ အဲ့ဒီလူသေပြီးမှ ‘‘တောက်တက်’’ က အုပ်ချုပ်ရေးမှူးဖြစ်လာတာ။ သူက စစ်တပ်အလိုကျတိုင်း လူမိုက်တွေ မွေးထားပြီး ပြည်သူတွေကို ခပ်မိုက်မိုက်အုပ်ချုပ်နေတာ’’ ဟု ဒဂုံဆိပ်ကမ်းမြို့နယ်မှ ပြည်သူတဦးက ဆိုသည်။