
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ နိုဝင်ဘာလ ၅ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်းရိုးမဖြတ်ကျော်လမ်း တစ်နေရာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က စစ်ကောင်စီ သတင်းပေးဆိုသူ ပျူစောထီး စံညိုကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂) ၊ တပ်ခွဲ-၅ က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။
ပျူစောထီးစံညိုသည် ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအုပ်ချုပ်ရေးမှူး လက်ထောက် တစ်ဦးဖြစ်ပြီး တပ်မ(၇၇) လက်အောက်ခံတပ်သားများကို ပဲခူးရိုးမအတွင်း စစ်ကြောင်း ထိုးသည့်အခါများတွင် ၎င်း၏ကားဖြင့် အကြို၊ အပို့လုပ်ပေးလေ့ ရှိကြောင်းသိရသည်။
ထို့ကြောင့် ပျူစောထီးစံညိုကို ရိုးမဖြတ်လမ်း၊ မိုင်တိုင် ၄၇ အနီးတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ကားကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း PDF တပ်ရင်း (၃၈၀၂) ၊ တပ်ခွဲ-၅ ထံက သိရသည်။
“တော်လှန်ရေးကို ဒီထက်ပိုအရှိန်မြှင့်တဲ့အခါကျရင် ကျွန်တော်တို့က ဒီဒေသတွေကို စိုးမိုနယ်မြေအဖြစ်ပြုလုပ်တော့မှာဖြစ်တဲ့အတွက် ဒီစစ်ကောင်စီ အုပ်ချုပ်ရေးဒေါက်တိုင် တွေ၊ သတင်းပေးတွေ ကိုရှင်းမယ်လို့ ကြေညာထားပါတယ်။ အဲ့တာကြောင့်လည်းခုလို ပစ်ခတ်ခဲ့တာ။ သူကသူ့ကားကိုသုံးပြီး ကြိုပို့လုပ်ပေးနေတာကြာပြီ။ ဒီလိုလုပ်ပေးနေ လို့လည်း စစ်တပ်ဘက်ကရိုးမထဲက သစ်တွေကို လျော့ဈေးနဲ့ သူ့ကိုပြန်ရောင်းတယ်။ ခန့်မှန်းချက်အရဆို အာဏာသိမ်းပြီးနောက် စစ်တပ်က ရိုးမထဲကသစ်တွေထုတ်တာ တန် ၁၀၀ ကျော်နေပြီ” ဟု PDF တပ်ရင်း ၃၈၀၂ တပ်ရင်းတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် သတင်းပေး ပျူစောထီး စံညို၏ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရသည့် ဒေသခံများလည်းရှိပြီး ၎င်းသည် ပဲခူးရိုးမအတွင်း PDFစခန်းများကို စစ်ကောင်စီထံ လမ်းပြခြင်း၊ စစ်ကောင်စီတပ်များအား စစ်ကြောင်းထိုးရန် အကြို၊ အပို့လုပ်ပေးခြင်း၊ သစ်ခိုးထုတ်ခြင်းများကိုလည်း ပြုလုပ်ကြောင်း သိရသည်။
သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ပဲခူးရိုးအးမအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များသတင်းကို လာရောက်စုံစမ်းသည့် ပျူစောထီးအဖွဲ့ဝင် နှစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း PDF တပ်ရင်း ၃၈၀၂ ထံကသိရသည်။
ဓာတ်ပုံ – သာယာဝတီခရိုင်တပ်ရင်း၃၈၀၂။
#မင်းလှ #ပဲခူးရိုးမ #စစ်ကောင်စီသတင်းပေး #ကားမီးရှို့ #Ayeyarwaddy_Times