ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၅ ရက်

သေနတ်သမားတွေက အကျဉ်းကျနေတဲ့ ဂီနီယာ စစ်အာဏာရှင်ဟောင်း မော့ဆာဒါဒက်ကာမာရာကို အကျဉ်းထောင်ကနေ လွှတ်ပေးလိုက်တယ်လို့ ဂီနီယာ တရားရေးဝန်ကြီးက ပြောပါတယ်။

သေနတ်သမားတွေဟာ စနေနေ့မနက်ပိုင်းက ကိုနာကရီမြို့တော်ရှိ အကျဉ်းထောင်တစ်ခုကို စီးနင်းတိုက် ခိုက်ကာ ကာမာရာနဲ့ အခြား ၃ ဉီးကို လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် လူထုဆန္ဒပြပွဲတစ်ခုမှာ လူပေါင်း ၁၅၀ ကျော် သေဆုံးမှုမှာ သံသယဖြစ်ဖွယ်ရာ ပါဝင်မှု ကြောင့် ကာမာရာနဲ့ အကျဉ်းထောင်မှ လွတ်မြောက်သွားသူတွေဟာ တရားရင်ဆိုင်နေရပါတယ်။ အာဏာပိုင်တွေ က ကာမာရာတို့ကို ပိုက်စိတ်တိုက်ရှာဖွေလျက်ရှိရာ ဂီနီယာနိုင်ငံရဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ထားပါတယ်။

ဂီနီယာ တရားရေးဝန်ကြီး ချားလ်အယ်လ်ဖွန်ဆီရိုက်ဟာ စနေနေ့က ဒေသန္တရရေဒီယိုကနေ ကာမာရာတို့ အကျဉ်းထောင်ကနေ လွတ်မြောက်သွားကြောင်း ကြေညာခဲ့တာပါ။ “ကျွန်တော်တို့ သူတို့ကို ရှာဖွေမှာပါ။ သူတို့ လွတ်မြောက်သွားတဲ့အတွက် တာဝန်ရှိသူတွေ တာဝန်ခံရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ကိုနာကရီမြို့တော်မှာ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရပြီး မြို့လယ်ကို ပိတ်ဆို့ထားကာ လမ်းမပေါ်မှာ စစ်ကားတွေကို မြင်တွေ့ရပါတယ်။

လွတ်မြောက်သွားသူတစ်ဉီးမှာ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် အားကစားကွင်းတစ်ခုမှာ ပြည်သူ တွေကို သတ်ဖြတ်မှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရတဲ့ ဝန်ကြီးဟောင်းတစ်ဉီးဖြစ်သူ ဗိုလ်မှူးကြီး ကလောက်ပီဗီ လည်း ပါဝင်ပါတယ်။

စစ်အုပ်ချုပ်ရေးကို ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၅၇ ဉီး သေဆုံးခဲ့ပြီး အမျိုးသမီးအများအပြား မုဒိမ်းကျင့်ခံခဲ့ရပါတယ်။

ပီဗီ၊ ကာမာရာနဲ့ အခြား တာဝန်ရှိသူဟောင်း ၉ ဉီးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ တရားစွဲဆိုခဲ့ပါ တယ်။ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်သားတွေကို အမိန့်ပေးခဲ့တာကြောင့် ကာမာရာကို တရားစွဲဆိုခဲ့တာပါ။

သက်တမ်းရှည် သမ္မတ လန်ဆာနာကွန်တေး သေဆုံးချိန် ၂၀၀၈ ခုနှစ်မှာ ကာမာရာက အာဏာသိမ်းခဲ့ပေ မယ့် ရာထူးမှဖြုတ်ချခံခဲ့ရကာ ဆန္ဒပြပွဲဖြိုခွင်းမှုနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတွေကြောင့် ဂီနီယာနိုင်ငံမှ ထွက် ပြေးခဲ့ရပါတယ်။

အသက် ၅၉ နှစ်အရွယ် ကာမာရာဟာ တရားမျှတမှု ရင်ဆိုင်ဖို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ ဂီနီယာ နိုင်ငံသို့ မပြန်မီ ဘာကီနာဖာဆိုနိုင်ငံမှာ နေထိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တဲ့ အနောက်နဲ့ ဗဟိုအာဖရိကဒေသရှိ ပြင်သစ်ကိုလို နီဟောင်းတစ်ခုဖြစ်တဲ့ ဂီနီယာနိုင်ငံဟာ လက်ရှိမှာ စစ်အုပ်ချုပ်ရေးအောက် ကျရောက်နေပါတယ်။

ကိုးကား – BBC
Ref; Moussa Dadis Camara: Guinea ex-ruler sprung from jail by armed men

#Ayeyarwaddy_Times