
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၅ ရက်
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြိုနယ်၊ ဆမီမြို့ပေါ်တွင် ကင်းစောင့်ပြီးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသဖြင့် သုံးဦးသေဆုံးကာ တစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၄ ရက်နေ့ မနက် ၁ နာရီဝန်းကျင်ခန့်က ဆမီးမြို့၊ ဘားဝရပ်ကွက်၊ ဆမီးချောင်းဖျားတွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသည် လန်အာလွှဲဂိတ်တွင် ကင်းစောင့်ပြီး အပြန် ချင်းအမျိုးသားတပ်မတော်(CNA)က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်က တပ်ကြပ်ကြီး တစ်ဦးအပါဝင် သုံး ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ တစ် ဦး ရရှိခဲ့သည်ဟု CNA နဲ့ နီးစပ်သူတစ်ဦးက ဆိုသည်။
“ဆမီးချောင်း တောင်ကုန်းပေါ်မှာရှိတဲ့ လန်အာလွှဲ ဂိတ်က ကင်းစောင့်ပြီးလို့ပြန်လာတဲ့ချိန် တိုက်ခိုက်ခဲ့တာပါ။ မြို့နဲ့ နှစ်ဖာလုံ နီးပါးဝေးပါတယ်၊ စစ်ကောင်စီတပ်သား တပ်ကြပ်ကြီး တစ်ဦး၊ တပ်ကြပ် တစ်ဦးနဲ့ စုစုပေါင်း သုံးဦးသေတယ် “ဟု CNA နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ရာတွင် ဘားဝရပ်ကွက်နေ ငါးလသားအရွယ် ကလေးငယ်၏ မိခင် ဒေါ် အေးမိုးသွယ် ဆိုသည့် အမျိုးသမီးကို ကျည်ထိမှန်ခဲ့သဖြင့် ပလက်ဝဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ဆမီးဗျူဟာမှူး၏ လူယုံတော်ဖြစ်သည့် ဆမီးရဲစခန်းမှူး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် CNA က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
#ဆမီးမြို့ #ကင်းစောင့်ပြီးပြန်လာသည့် #စစ်ကောင်စီ #တပ်ဖွဲ့ဝင်များ #တိုက်ခိုက်ခံရပြီး #၃ဦးသေဆုံး
#Ayeyarwaddy_Times