ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၄ ရက်

မဟာမိတ်ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဖော် ဆောင်မှု ၉ ရက်မြောက်နေ့တွင် စစ်ကောင်စီ၏တပ် စခန်း ၉ ခုကို ထပ်မံသိမ်းဆည်းရမိကြောင်း ထုတ်ပြန် ထားသည်။

ကိုးကန့်တပ်မတော်(MNDAA)သည် ယနေ့ နို၀င်ဘာ ၄ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် တုံရှမ်းဒေသ၊ ရှောက်ကန်ထန်ရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို နာရီ ၀က်ဖြင့် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၁၀ နာရီခွဲအချိန်ခန့်တွင် ကိုးကန့်မြောက်ပိုင်း ရှင်း၀မ်ဒေသ ဟုန်ကုတ်ရွာ၊ ကော်တီထန်၊ ပေါက်တောင်ကုန်းတွင် အခြေချထားသည့် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ၁၁ နာရီအချိန်ခန့်တွင် MNDAA နှင့် AA ပူးပေါင်းတပ်သည် မူဆယ်ခရိုင် မုံးကိုးမြို့အပြင်ဘက်တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ရှောက်ကွမ်းလုံ အမှတ် ၃ တပ် စခန်းအား တစ်နာရီအတွင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

တအာင်းတပ်မတော် (TNLA)ကလည်း လားရှိုးမြို့ နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်း ဖြစ်သည့် ဂျာယန်စခန်းနှင့် မိုင်းယန်းစခန်းတို့ကို တိုက် ခိုက်သိမ်းပိုက်ပြီး တပ်မဟာ ၂ စစ်ဒေသရှိ မိုးမိတ်မြို့ နယ် မိုးလိုတပ်စခန်း၊ လားရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းတို့ကို သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။ ၎င်းမိုင်းကျက် စခန်းမှာ စစ်ကောင်စီအတွက် လေကြောင်းမှ လက် နက်ခဲယမ်းများ လာရောက်ချပေးသည်ကို TNLA မှ ကြားဖြတ် သိမ်းယူနိုင်ခဲ့သည်။

ယနေ့ ၁၂ နာရီခွဲအချိန်မှစတင်ပြီး တအာင်းတပ်မ တော် TNLA သည် နောင်ချိုမြို့နယ်၊ ရွှေညောင်ပင် ကျေးရွာတွင် စခန်းချထားသော စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားနေစဉ်တွင် စစ်ကောင်စီဘက်မှ MI 35 ယာဉ်ဖြင့် လာရောက် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာမိတ်တပ်ဖွဲ့မှ ရက္ခိုင့်တပ်တော် AA သည် စစ်ကြောင်းလှုပ်ရှားရာ နယ်မြေများတွင် ဟန်ချက်ညီ ပူး ပေါင်းစစ်ဆင်ရေးကို ဆင်နွှဲလျက်ရှိပြီး စစ်ကိုင်းတိုင်း အတွင်းရှိ ထီးချိုင့်၊ ကောလင်းတိုက်ပွဲများတွင် ပါ၀င် ဆင်နွှဲလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရေးအရ အရေးပါသည့် တပ်စခန်းများကို ဆုံးရှုံးလိုက်ရခြင်း၊ ချောင်ပိတ်ခံနေရခြင်းတို့ကြောင့် လေကြောင်းပစ်ကူများကို ပိုမို တိုးမြှင့်လုပ်ဆောင်လာပြီး အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုများ၊ ‌လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းများကို ပိုမိုပြုလုပ်လာ သည်ကို တွေ့ရသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီက KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ လက်နက် ကြီးဖြင့်ပစ်ခတ်ရာ တရုတ်ပြည်နယ်စပ်တွင် ‌ကျ ရောက်ပေါက်ကွဲသည့်အတွက် တရုတ်နိုင်ငံသားတစ် ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း သတင်းမီဒီယာများတွင် ရေးသားဖော်ပြနေကြသည်။

#၁၀၂၇ #စစ်ဆင်ရေး #မဟာမိတ်ညီနောင်၃ဖွဲ့ #MNDAA #TNLA #AA #စစ်ကောင်စီ
#Ayeyarwaddy_Times