
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ နိုဝင်ဘာ ၅ ရက်)
“အသက်၂၅ နှစ်ကျော်လာရင် လူလေးယောက်မှာ တစ်ယောက်က လေဖြတ်ခြင်းကို ခံစားရနိုင်တယ်”
ကမ္ဘာ့လေဖြတ်ရောဂါအဖွဲ့အစည်းရဲ့ ၂၀၂၂ခုနှစ်ဆေးပညာဆိုင်ရာ စာတမ်းကို ဖတ်မိလိုက်စဉ် ကျွန်တော်သက်ပြင်း ချလိုက်မိပါတယ်။ လေဖြတ်ခြင်းဆိုတာ ကျန်းမာရေးပြသနာကြီးပါ။
အသက်(၅၅)နှစ်အထက် လူကြီးပိုင်းတွေ၊ လေဖြတ်မျိုးရိုးရှိသူတွေ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါ အခံရှိသူတွေ၊ သွေးတွင်းအဆီဓာတ်များ သူတွေ၊ အဝလွန်သူတွေ၊ အရက်သောက်သုံး ဆေးလိပ်သောက်သူတွေ လေဖြတ် တတ်ပါတယ်။
ကျွန်တော့်အတွေးထဲမှာ ဦးလေးရဲ့ဆေးရုံတက်ခဲ့တဲ့ နေ့တွေ အစီအရီ ဝင်လာပါတော့တယ်။ မှတ်မှတ်ရရ တန်ဆောင်မုန်းလပြည့်မနက်ခင်း ခန္ဓာကိုယ် ဘယ်ဘက်တစ်ခြမ်းမလှုပ်နိုင် စကားတောင်ပီပီသသ မပြောနိုင်တော့တဲ့ လေးလေးကို ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာန ကို ကျွန်တော် လိုက်ပို့ခဲ့ပါတယ်။
ဦးလေးဟာ ငယ်ငယ်ရွယ်ရွယ် အသက်၃၈နှစ် ဆိုပေမယ့် ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အဝလွန်နေတဲ့သူ ၊ အရက်သောက်၊ အစားမက်၊ ဆေးလိပ် ကွမ်းယာမရှောင် သွေးပေါင်ချိန်က အမြဲတက် နေတတ်တဲ့ လေးလေး တစ်ယောက် လေဖြတ်သွားပါတယ်။
#လေဖြတ်တယ်ဆိုတာ
လေဖြတ်တယ်ဆိုတာ ဦးနှောက်သွေးကြောမှာ ဖြစ်တဲ့ ပြဿနာပါ။ ဦးနှောက် အလုပ် လုပ်နိုင်ဖို့ရာ သွေးလိုအပ်ပါတယ်။ သွေးလည်ပတ်မှုလျော့နည်းသွားတဲ့အခြေအနေမှာ ဦးနှောက်အတွက် လုံလောက်တဲ့အောက်စီဂျင် နဲ့ ဂလူးကိုစ့်(အာဟာရ)တွေ မရတော့ဘဲ သွေးငတ်ပြီး ထိခိုက်ပျက်စီးပါတယ်။ ဦးနှောက် သွေးကြောပိတ်တာကြောင့်နဲ့ ဦးနှောက်သွေးကြောပေါက်တာကြောင့် ဆိုပြီး လေဖြတ်ခြင်း နှစ်မျိုးဖြစ်နိုင်ပါတယ်။
#ဦးနှောက်သွေးကြောပိတ်၍လေဖြတ်ခြင်း(Ischemic stroke)
ဦးနှောက်သွေးကြောပိတ်တာက သွေးကြောကျဥ်း သွေးတွင်းအဆီများ သွေးခဲပိတ်ဆို့လို့ ဖြစ်ရတာပါ။ ၈၅ ရာခိုင်နှုန်းသော လေဖြတ်ခြင်းရဲ့ အကြောင်းရင်းခံဖြစ်ပါတယ်။ လေဖြန်းခြင်း( Transient Ischemic attack) ဆိုတာ ခဏတဖြုတ် ဦးနှောက် သွေးကြောပိတ်ခြင်းဖြစ်ပါတယ်။ လေဖြတ်ခြင်းအမျိုးအစားတစ်ခုပါပဲ။ ဦးနှောက် သွေးငတ်ခြင်းကြောင့် သွေးမရတဲ့ နေရာက ထိန်းချုပ်ထားတဲ့ဦးနှောက်လုပ်ငန်းတွေ ထိခိုက်ပျက်စီးမှာ ဖြစ်ပါတယ်။
#ဦးနှောက်သွေးကြောပေါက်၍လေဖြတ်ခြင်း (Hemorrhagic stroke)
ဦးနှောက်သွေးကြောပေါက်ပြီး သွေးယိုစိမ့်ပါမယ်။ သွေးတွေဟာ ဦးနှောက်ကိုဖိပါတယ်။ အဲဒီလို ပိလို့ ဦးနှောက်ပျက်စီးရသလို ဦးနှောက်အသားရောင်လာပြီး ထပ်ပိလို့ ထပ်ခါထပ်ခါ ပျက်စီးပါတယ်။ သွေးတိုးတာ၊ ဦးခေါင်းဒဏ်ရာရတာကြောင့် ဦးနှောက်သွေးကြော ပေါက် တတ်ပါတယ်။
သွေးကြောဖောင်းရောဂါကြောင့် ပေါက်ထွက်တာ၊ သွေးကျဲဆေးတွေကြောင့် သွေးမတိတ် နိုင်ဘဲ သွေးစိမ့်ယိုတာတွေကိုလည်း ကြုံတွေ့ရပါမယ်။ သူ့ကြောင့် လေဖြတ်တာဟာ ၁၅ ရာခိုင်းနှုန်းပဲလောက်ရှိတဲ့ လေဖြတ်ခြင်း ဆိုပေမယ့် သွေးယိုစိမ့်တာကို မကုနိုင်ခဲ့ရင် အသက်သေဆုံးမှာ ဖြစ်ပါတယ်။ ဦးနှောက်သွေးယိုခြင်းကြောင့် ပိမိတဲ့ဦးနှောက် အစိတ်အပိုင်းက ထိန်းချုပ်ထားတဲ့ဦးနှောက်လုပ်ငန်းတွေ ထိခိုက်ပျက်စီးသွားပါမယ်။
#လေဖြတ်ခြင်းလက္ခဏာများ
လေဖြတ်ခြင်းလက္ခဏာတွေကတော့ အသိစိတ်လွတ်သွားတာ၊ စိတ်ရှုပ်ထွေးတာ၊ စကားပြောရင် ဗလုံးဗထွေးဖြစ်နေတာ၊ သွားရည်ကျနေတာ၊ မျက်နှာတစ်ခြမ်းရွဲ့သွားတာ၊ ပြောစကား တွေ ကိုနားမလည်နိုင်တော့တာ စိတ်အခြေအနေပြောင်းလဲလွယ်တာ၊ ခေါင်းကိုက်တာ၊ ဝေါခနဲထိုးအန်တာ၊ ခန္ဓာကိုယ်တစ်ခြမ်းအားနည်းသွားတာ၊ လှုပ်ရှားမရတာ၊ ဆီးဝမ်း မထိန်းနိုင်တာ၊ ကိုယ်နေဟန်ချက်ထိန်းရခက်ခဲတာ ဒယိမ်းဒယိုင်ဖြစ်တာ၊ အမြင်ဝေဝါး တာ စတဲ့လက္ခဏာတွေ လေဖြတ်ခြင်းရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။
#ပုံစံတူလည်းကုသပုံကွဲတဲ့မီးစတစ်ဖက်ရေမှုတ်တစ်ဖက်လေဖြတ်ခြင်း၂မျိုး
လေဖြတ်ခြင်း အမျိုးအစားနှစ်ခုဟာ ရောဂါပုံစံတူပေမယ့် ကုသမှုကတော့ ဆန့်ကျင် ဖက်ပါ။
လေဖြတ် လူနာရဲ့ ကျန်းမာရေးအခြေအနေ အတွက်မေးမြန်းတာတွေ စမ်းသပ်စစ်ဆေးတာတွေ လုပ်ရပါမယ်။ အာရုံကြော စမ်းသပ်မှုများလုပ်ပြီး သွေးဖောက်စစ်ဆေးတာတွေ ကွန်ပျူတာဓာက်မှန် CT Scan ၊ သံလိုက်ဓာတ်မှန် MRI Scan Cerebral Angiogram ဦးနှောက်သွေးကြောများပုံရိပ်ရိုက်ကူးရှာဖွေပြီး ရောဂါရှာဖွေရပါတယ်။
လေးလေးရဲ့ရောဂါကို ရှာဖွေကြည့် အပြီးမှာတော့ လေဖြန်းခြင်း( Transient Ischemic Attack) လို့ အဖြေရရှိပါတယ်။ လေးလေးဟာ ဆေးရုံတင်ပြီးလိုအပ်တဲ့ ကုသမှုတွေအပြီးမှာ ပြန်လည် ကျန်းမာလာခဲ့ပါတယ်။
လေမဖြတ်ဖို့အတွက် လေ့ကျင့်ခန်းမှန်မှန်လုပ်ရပါမယ်။ သွေးတွင်းအဆီမတက်အောင် ထိန်းရပါမယ်။ကိုယ်အလေးချိန် မဝအောင်ထိန်းပါရပါမယ်။ အဆီများပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို ရှောင်ရပါမယ်။ အရက်၊ ဆေးလိပ်၊ ကွမ်းယာ ဖြတ်ရပါမယ်။ သွေးတိုး၊ နှလုံး၊ ဆီးချို ရောဂါအခံရှိပါက စနစ်တကျ ကုသရပါမယ်။
ကျွန်တော့်လေးလေးကတော့ ကျန်းမာရေးလိုက်စားပြီး ပြန်ကျန်းမာဖို့ အစွမ်းကုန် ကြိုးစားနေထိုင်ခဲ့တာ အခုဆို ၅နှစ်ကျော်လာပါပြီ။ လေတစ်ခါဖြတ်ဖူးသူတွေအနေနဲ့ နောက်ထပ်တစ်ခါ လေထပ်ဖြတ်မယ်ဆိုပါက အသက်အန္တရာယ်နီးတာကြောင့် စားသောက်နေထိုင်မှု ပုံစံဆင်ခြင်ရုံသာမက ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်း တွေကိုပါ အမြဲဂရုတစိုက်လုပ်ပေးနေရပါမယ်။
လေဖြတ်ခြင်းကိုကုသတဲ့အခါမှာလည်း (Ischemic stroke) ဦးနှောက်သွေးကြော ပိတ်ခြင်းကြောင့်ဆိုပါက သွေးခဲပျော်ထိုးဆေး၊ သောက်ဆေးများ လိုအပ်သလို နေ့အလိုက် ထိုးရတတ်ပါတယ်။ ရောဂါအခံကိုကုရတဲ့အပြင် မူလရှိနေတဲ့ သွေးတွင်း အဆီများနေခြင်း ကိုလည်းကုသရမှာပါ။
အစားအသောက်ကို မြိုမချနိုင်တာကြောင့် အစားပိုက်ထည့်ခြင်း ၊ ဆီးမသွားနိုင်ခြင်း အတွက် ဆီးပိုက်ထည့်ခြင်း၊ ဝမ်းမသွားနိုင်ပါက ပုံမှန်ဝမ်းချူပေးရခြင်း တွေနဲ့ပြုစုပေး ရပါမယ်။ သွေးကျဲဆေးများညွှန်ပြီး အမြဲစောင်းကြည့် ကုသနေရမှာပါ။
(Hemorrhagic stroke) ဦးနှောက်သွေးကြောပေါက်ခြင်ကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်း မှာတော့ သွေးကျဲဆေးက အန္တရာယ်ရှိတာကြောင့် ကုသမှုမှားယွင်းပါကလူနာ အသက် ဆုံးရှုံးနိုင်ပါတယ်။ သွေးပေါင်ချိန်ကိုထိန်းထားပြီးတော့ စနစ်တကျကုသ ပေးရမှာပါ။
လေဖြတ်ထားသူရဲ့ ခန္ဓာကိုယ်လှုပ်ရှားနိုင်ဖို့အတွက် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း များကို မှန်မှန်ကန်ကန်စနစ်တကျပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်နဲ့အိပ်ရာ ထိစပ်နေတဲ့ နီးရာတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ အိပ်ရာအနာ (bed sore) မဖြစ် အောင်လည်းစနစ်တကျဂရုစိုက်ပေးရပါမယ်။
#လေဖြတ်ကာကွယ်ဆေး
လူနာကို လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှု မလုပ်ဘဲ သွေးကျဲဆေး၊ ထိုးဆေးများကို လေဖြတ်ကာကွယ်ဆေးလို့ ပြောပြီးထိုးပေးနေတာတွေက အလွန်ကိုအန္တရာယ်များ ပါတယ်။ ထိုးဆေးတွေထိုးမယ်ဆိုပါက ကောင်းကျိုးဆိုးပြစ်များကို သိနိုင်တဲ့ သမားတော်တွေနဲ့သာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သမားတော်က ညွှန်ကြားမှုမရှိဘဲ ထိုးဆေးထိုးခြင်းက ဆေးပညာ လိမ်လည်မှု မြောက်ပါတယ်။ လုံးဝ(လုံးဝ) မထိုးသင့်ကြောင်း ပြောပါရစေ။
အစားအသောက်ဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်နေထိုင်ခြင်း၊ အရက် ဆေးလိပ်ဖြတ်ခြင်း၊ သွေးတိုးရောဂါပုံမှန်ထိန်းခြင်း၊ လိုအပ်လာရင် ဆရာဝန်က သွေးတွင်း အဆီကျသောက်ဆေးနှင့် သွေးကျဲသောက်ဆေးတွေ ညွှန်ခြင်းတို့ကသာ ကာကွယ် နိုင်တာဖြစ်ပါတယ်။
မိသားစုထဲမှာ လေဖြတ်ရောဂါသည်တစ်ယောက် ရှိနေတယ်ဆိုရင်ကို ပြစုပေးရမယ့် တာဝန်တွေက များလှတာကြောင့် အတတ်နိုင်ဆုံး မိမိကိုယ်ကိုကျန်းမာအောင် နေကြဖို့ အသိပေးပါရစေ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဘဝကို ရရှိအောင်လည်းကြိုးစားကြပါ လို့တိုက်တွန်းလိုပါတယ်။
နောက်တပတ်မှာတော့ စိတ်ဖိစီးမှုကြောင့်ဖြစ်ရတဲ့ခေါင်းကိုက်ခြင်းတွေ အကြောင်းကို ဖော်ပြပေးသွားပါမယ်။ AyeyarwadyTimes စာဖတ်သူများကျန်းမာရွှင်လန်းကြပါစေ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ဦးနှောက်သွေးကြောမှာဖြစ်တဲ့ပြဿနာ #လေဖြတ်ခြင်း #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)