ဧရာဝတီတိုင်းမ်
နိုင်ဝင်ဘာလ ၄ ရက်

စစ်ကောင်စီထက်လက်တွင် ဧရာဝတီတိုင်း၌ အရက်နှင့်အဖျော်ယမကာဆိုင်များ ၊ ဘီယာဆိုင်များ ပိုမိုဖွင့်လှစ်ခွင့်ပေးထားပြီး အသက်မပြည့်သေးသော ကလေးသူငယ်များကိုပါ ရောင်းချနေကြကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီတိုင်းရှိ ပန်းတနော် ၊အိမ်မဲ ၊ ကျောင်းကုန်း ၊ဝါးခယ်မ စသောမြို့များနှင့် အခြားသော မြို့များတွင် အရက်ဆိုင်နှင့် ဘီယာ ဆိုင်များ တစ်မြို့လျှင် သုံး ဆိုင်မှ ငါးဆိုင်အထိတိုးလာပြီး အသက်မပြည့်သေးသည့် ကလေး လူငယ်များကိုပါ ရောင်းချနေကြကြောင်း ကျောင်းကုန်းမြို့နယ်မှ ဒေသခံအချို့က ပြောသည်။

“ကျွန်တော်တို့ဆီမှာတော့ အရင်က ဘီယာဆိုင် သုံးဆိုင် အရက်ဆိုင် နှစ် ဆိုင်လောက်ပဲ ရှိတာ ။ အခု စစ်တပ် အုပ်ချုပ်နေတဲ့ ကာလမှာ အရက်ဆိုင် ငါးဆိုင်လောက်တိုးတယ် ။ ဘီယာဆိုင် သုံးဆိုင်အထိ တိုးတယ်။ ပြီးတော့ ကလေးတွေ ဆိုရင် ၆တန်း ၇ တန်း ကလေးတွေကိုပါ ရောင်းနေကြတယ်”ဟု ကျောင်းကုန်းမြို့နယ်မှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အရက်နှင့် ဘီယာဆိုင်များ တိုးပွားလာခြင်းမှာ စစ်ကောင်စီအတွက် အခွန်အမြောက်အများရရှိသည့် လုပ်ငန်းဖြစ်သည့်အတွက် စစ်ကောင်စီက ပိုမိုခွင့်ပြုနေခြင်းဖြစ်ပြီး လိုင်စင်မဲ့ KTV များကိုပါ တရားဝင်ကဲ့သို့ ဖွင့်လှစ်ခွင့်ပေးထားသည့်အပြင် ကလေးသူငယ်များကိုပါ ဝင်ရောက်သောက်စားခွင့် ပေးထားကြောင်း ဒေသခံများက ပြောကြသည်။

“အဓိကက ဒီဆိုင်တွေကနေ အခွန်အများကြီးရတာ တရားမဝင်တဲ့ဆိုင်တွေဆို ပိုရတာပေါ့ဗျာ။ ပြီးတော့ KTV တွေမှာဆို စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ မြန်မာဘီယာ ကိုအများဆုံးရောင်းရတယ်။ အခြားအရက်တွေတောင် သိပ်မရဘူး။ နောက်ဒီဆိုင်တွေကလည်း အသက်ကန့်သတ်ချက်မရှိဘူး၊ ကလေးတွေတောင် အဖွဲ့လိုက်လာကြတာတွေ ရှိနေတယ် အချို့ဆို ၁၄ နှစ် ၁၅နှစ် ကလေးတွေပါ အဖွဲ့လိုက်လာနေကြတာ” ဟု ရွာသစ်ကျေးရွာမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ KTV နှင့် ဘီယာဆိုင်များတွင် မကြာခဏဆိုသလို ရိုက်မှု နှင့် လူသတ်မှုများလည်း ဖြစ်ပွားလျှက်ရှိနေကြောင်း မှုခင်းဖြစ်စဉ်များအရ သိရသည်။

#စစ်ကောင်စီလက်ထက် #ဧရာဝတီတိုင်း #အရက် ဘီယာဆိုင် #ပိုများ #အသက်မပြည့် #ကလေးများကိုပါ #ရောင်းချ #Ayeyarwaddy_Times