ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၄ ရက်

ဧရာဝတီမြစ်အတွင်း စည်းကမ်းမဲ့ ကျောက်စုပ်သင်္ဘောများကြောင့် ဇလွန်မြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းတစ်လျှောက် ကျေးရွာများတွင် ကမ်းပြိုမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည်။

ဇလွန်မြို့နယ်အတွင်းရှိ လမိုင်းကျေးရွာ နှင့် အနီးနားရှိကျေးရွာများတွင် စည်ကမ်းမဲ့ ကျောက်စုပ်သင်္ဘောများ၏ ကျောက်ခိုးစုပ်နေမှုကြောင့် ကမ်းပါးများပြိုကျနေကြောင်း ဒေသခံများက ပြောသည်။

“သူတို့က ဘယ်သူအကျိုးမှကြည့်တာမဟုတ်ဘူး။ အခြားနေရာတွေမှာလည်းကမ်းပြိုတာရှိပါတယ်။ ဒါပေမဲ့ အခုက သူတို့ သင်္ဘောတွေနဲ့လာပြီး ကျောက်စုပ်နေလို့ ဖြစ်တာပါ ။ သင်္ဘောတစ်စီးစာလောက်ဆိုနောက်နေ့နဲ့ ညနေလောက်ဆို ကမ်းပြိုတာသိသာပြီး အရေးယူဖို့လိုင်းပေါ်တင်လည်း တာဝန်ရှိသူတွေက မမြင်ချင်ယောင်ဆောင်နေကြတာ” ဟု ဇလွန်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဇလွန်မြို့နယ်တွင် စည်ကမ်းမဲ့ ကျောက်စုပ်သင်္ဘောများအား အရေးယူမှုမရှိပဲ လွှတ်ထားခြင်းကြောင့် ကမ်းပြိုမှုများ ပိုမိုဖြစ်ပွားလာကာ အိုးအိမ်ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်းသိရသည်။

“သဘာဝဘေးကြောင့် ကမ်းပြို့တာက ဘယ်လိုဖြစ်ဖြစ်တော်သေးတယ်။ အခုက ဒီလိုစည်ကမ်းမဲ့လုပ်နေတာတွေကြောင့်ဖြစ်တာ။ သူတို့စီးပွားရေးအတွက်ပဲကြည့်ကြတာ ဘယ်သူသေသေဆိုတဲ့ ကောင်တွေ ကမ်းပြိုမှ ထောက်ပံ့ကြေးပေးမဲ့အစား ဒီလို ကမ်းပြိုအောင်လုပ်နေသူတွေကိုအရေးယူပေးရင် ပိုအဆင်ပြေတယ် “ဟု ဇလွန်မြို့နယ် အိုးဘိုကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဇလွန်မြို့နယ်တွင် ကမ်းပါးပြိုကျမှုဒဏ်ကို နှစ်စဥ်ကြုံတွေ့နေကြရပြီး တစ်ချို့နေရာများတွင် စည်းကမ်းမဲ့ ကျောက်စုပ်သင်္ဘောများကြောင့် ကမ်းပြိုမှုများဖြစ်ပွားနေကာ ကမ်းပြိုသည့်အတွက် နေရာရွှေ့ပြောင်းရသူများကို စစ်ကောင်စီမှ ထောက်ပံ့ကြေးပေးသည်ဆိုသော်လည်း ပြန်လည်ထူထောင်ရန် မလုံလောက်သည့်အတွက် အခက်အခဲများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

#ဧရာဝတီမြစ်အတွင်း #စည်းကမ်းမဲ့ #ကျောက်စုပ် #သင်္ဘောများ #ဇလွန်မြို့ကမ်းနား #ကျေးရွာများ #ကမ်းပြိုမှု #ဒဏ်ခံနေရ #Ayeyarwaddy_Times