ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ နိုဝင်ဘာလ ၄ ရက်

ကရင်နီပြည်နယ်တွင် အောက်တိုဘာလ တစ်လတာအတွင်း ဖရူဆိုမြို့မှ ဘောလခဲသို့ လက်နက်ခဲယမ်းများ ပို့ဆောင်ရန်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်များနှင့် ပြည်ထောင်စုလမ်စမကြီးတစ်လျှောက် ထိတွေ့တိုက်ပွဲများ အကြိမ်အရေအတွက် များစွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးခဲ့ကြောင်း KNDF ထုတ်ပြန်ချက်အရသိရသည်။

ဖရူဆိုမြို့နယ်အတွင်းရှိ အမှတ်(၁၄)တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းဝန်းအတွင်း ရပ်နားထားသော ထောက်ပို့ယာဉ်တန်း အစီးရေ ၇၀ ကျော်အား ဘောလခဲသို့ ရောက်ရှိနိုင်ရန်အတွက် ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျောက်ကို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက ခြေလျင်စစ်ကြောင်း ခြောက် ကြောင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ကာ KA၊ KNDF၊ ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

“သူတို့(စစ်ကောင်စီ)က အဓိကက ဘော်လခဲ၊ ဖားဆောင်း အဲ့ဘက်မှာရှိတဲ့ စစ်တပ်ရဲ့အခြေစိုက်တပ်တွေရော ရှေ့တန်းတပ်တွေရောက ကုန်းလမ်းကနေ လက်နက်ခဲရမ်း ရိက္ခာ မပို့နိုင်တာကြာပီ။ ဒီလမ်းကြောတွေကို သူတို့မသုံးနိုင်ဘူး။ ကျွန်တော်တို့ပိတ်ဆို့ထားတာမျိုးပေါ့နော်။ တိုက်ပွဲတွေဆက်တိုက်ဖြစ်တဲ့အခါမှာ ဘောလခဲ၊ ဖားဆောင်း၊ ဖရူဆို အဲ့ဒီဘက်ကို ရိက္ခာပို့ချင်တာဖြစ်တဲ့အတွက် ပြည်ထောင်စုလမ်းမကြီးကို သုံးချင်တဲ့အတွက် ဒီမောဆိုကနေစပီး ဖရူဆို ဘောလခဲထိကို သူတို့ သုံး လကျော်လောက်ရှိပြီ စစ်ကြောင်းထိုးနေတာပေါ့ ဒီကားတွေကိုပို့နေတာ” ဟု KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဘောလခဲမြို့သို့ ရိက္ခာ၊ ခဲယမ်းများ ပို့ဆောင်မည့် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်း ၇၀ ကျော်အနက် အစီးရေ ၄၀ ခန့်သာ ဘောလခဲမြို့သို့ သွားရောက်နိုင်ခဲ့ပြီး ကျန်သည့် ကားအစီးရေ ၃၀ နီးပါးမှာ ယခုအချိန်ထိ ထွက်ခွာနိုင်ခြင်းမရှိပဲ အဆိုပါယာဉ်တန်းများ ဖြတ်သန်းနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေစဉ်ကာလအတွင်း ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ထိတွေ့တိုက်ပွဲပေါင်း အကြိမ် ၃၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဘောလခဲတို့ ဖရူဆိုတို့ဆိုရင် ကုန်းလမ်းကနေ စစ်ကောင်စီက ရိက္ခာမပို့နိုင်တာနှစ်နဲ့ချီ ကြာနေပြီ။ ရဟတ်ယာဉ်နဲ့ ဝေဟင်ကပဲပို့နေရတာရှိတယ်။ ရေရှည်မှာ သူတို့လည်း မခံနိုင်တော့ဘူးထင်တယ်။ အဲ့ခါကျတော့ ကုန်းလမ်းကိုပြန်သုံးပီးတော့မှ သူတို့ ရိက္ခာပို့ဖို့ကြိုးစားကြတာပေါ့။ အဲ့ဒါကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တောက်လျောက်တိုက်ပွဲတွေဖြစ်နေတာ ဒီနေ့အထိပဲပေါ့ လုံး၀မနားသေးဘူး ” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၄၀ ကျော် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကာ ၎င်းတို့၏ ထောက်ပို့ယာဥ်အချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယခုအခါတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အနေဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့မှ ဦးဆောင် တိုက်ပွဲဝင်နေသည့် “၁၀၂၇ စစ်ဆင်ရေး” တွင် လည်း KNDF ၏ တပ်ရင်း အမှတ် ၆၀၆ မှ ပူးပေါင်း၍ စခန်းသိမ်းတိုက်ပွဲ များတွင် ပါဝင်တိုက်ခိုက် လျက်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ-KNDF
#ကရင်နီတွင် #တစ်လတာတိုက်ပွဲ #စစ်ကောင်စီ
၄၀ကျော်သေဆုံး #ဘောလခဲ #ထောက်ပို့ #ကားအစီးရေ #၇၀အနက်၃၀ဝန်းကျင် #ဖရူဆို ပိတ်မိ #Ayeyarwaddy_Times