ဧရာ၀တီတိုင်းမ်
စစ်ကိုင်း၊ နို၀င်ဘာလ ၄ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နှင့် ယင်းမာပင်မြို့နယ်တို့တွင် အထိုင်ချတပ်စွဲထားပြီး အနီးနားရှိ ရွာများကို စစ်ကြောင်းထိုးကာ ပြည်သူများကို ဖမ်းဆီးခေါင်းဖြတ်သတ်နေသည့် စစ်ကောင်စီ၏ ကျားဘီလူးစစ်ကြောင်း နမခတပ်ရင်းထဲသို့ ပြန်လည်၀င်ရောက်သွားကြောင်း သိရသည်။

အဆိုပါ ပုလဲနယ်နှင့် ယင်းမာပင်မြို့နယ်တလျှောက်တွင် စစ်ကြောင်းထိုးနေသည့် အင်အား ၂၀၀ ၀န်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် နို၀င်ဘာ ၁ ရက်နေ့က မုံရွာရှိ အနောက်မြောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်(နမခ) တပ်တွင်းသို့ ပြန်လည်၀င်ရောက်သွားကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“နို၀င်ဘာ ၁ ရက်နေ့မှာကတည်းက ရုတ်တရက်ကြီး စစ်ကြောင်းပြန်ထွက်သွားတာ။ အထိုင်ချထားတဲ့တပ် တွေရောပဲ။ ခုရွာထဲ၀င်ပြီး ကျွန်တော်တို့နယ်မြေရှင်း လင်းရေးတွေ လုပ်နေတယ်”ဟု ယင်းမာပင်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကြောင်းသည် စက်တင်ဘာ ၂၆ ရက်နေ့က ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာကို စစ်ကြောင်း ထိုး၀င်ရောက်ပြီး ဒေသခံပြည်သူ သုံးဦးကို ခေါင်းဖြတ် သတ်ခဲ့ပြီး နဖူးတွင် ကျားဘီလူးဟု ရေးသားထားခဲ့ သည်။

ထို့အပြင် အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ပုလဲနှင့်ယင်းမာပင်နယ်အစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး၀င်ရောက်ပြီး သဲကုန်းကျေးရွာမှ PDF အပါအ၀င် ဒေသခံ ပြည်သူ ခြောက် ဦးကို ခေါင်းဖြတ်သတ်ခဲ့ပြီး အချို့ကို တုတ်ဖြင့် ဦးခေါင်းကိုရိုက်သတ်ခဲ့သည့် စစ်ကြောင်း ဖြစ်သည်။

ယင်းကဲ့သို့ ကျေးရွာများရှိ ပြည်သူများကိုရက်စက်စွာ သတ်ဖြတ်လေ့ရှိသည့် စစ်ကောင်စီတပ်မှ ကျားဘီလူး စစ်ကြောင်းဆိုသည့် တပ်သည့် ရှမ်းမြောက်ရှိ စစ်ဆင်ရေးစတင်ပြီးနောက်တွင် နမခတပ်ရင်းသို့ ပြန်လည် ၀င်ရောက်သွားခဲ့သည့်အတွက် စစ်ရေးတင်းမာနေသည့် ရှမ်းမြောက်သို့ စစ်ကူပို့ဆောင်နိုင်ခြေရှိကြောင်း သုံးသပ်မှုများလည်းရှိသည်။

ရှမ်းမြောက်တိုက်ပွဲသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၁၃ မှ စစ်သား ၇၀ ကျော်ကို စစ်ကူပို့ခဲ့ရာ တိုက်ပွဲတွင် တပ်ရင်းတစ်ရင်းလုံးသေဆုံးခဲ့ကာ အရှင် ဖမ်းမိသူ ၃ ဦးသာ အသက်ရှင်ကျန်ရှိကြောင်း ရှမ်းမြောက်စစ်ရေးအခြေအနေနှင့် ဆက်စပ်သည့် ထုတ်ပြန်ချက်များအရ သိရသည်။

#စစ်ကိုင်း #ပုလဲ #ယင်းမာပင် #နမခ #ကျားဘီလူးစစ်ကြောင်း #စစ်ကောင်စီ #၁၀၂၇
#Ayeyarwaddy_Times