ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊နိုင်ဝင်ဘာလ ၄ ရက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက်၊ ခမရ (၅၆၁)တပ်ရင်းမှ စစ်ကောင်စီတပ်သား နှစ်ဦးသည် စစ်ကောင်စီတပ်မှ ထွက်ပြေးလွတ် မြောက်လာခဲ့ပြီးနောက် CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင်သို့ခိုလှုံလာကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နိုဝင်ဘာလ ၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက်၊ အမှတ်(၅၆၁) ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ်သား နှစ်ဦးသည် ပြီးခဲ့သည့် ‌အောက်တိုဘာ ၃၁ ရက်နေ့က တပ်ရင်းမှ ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နေ့တွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂) ၏ တပ်ခွဲ-၁ ပူးပေါင်းစစ်ကြောင်းထံ အလင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား နှစ်ဦးသည် ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ (၅၆၁) တပ်ရင်းက တပ်သား ထွန်းလင်းပိုင် နှင့် တပ်သား ထက်မြတ်သူ တို့ ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

“အခု CDM ပြုလုပ်လာတဲ့ သူတို့(စစ်ကောင်စီတပ်သား) နှစ်ဦးက ဒီအတိုင်း လူချည်းပဲ ထွက်ပြေးလာခဲ့တာ။ လက်နက်တွေတော့မပါလာခဲ့ပါဘူး။ ပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ ချိတ်ဆက်ပြီး ထွက်ပြေးလာခဲ့တာ။ အခုတော့ သူတို့ရဲ့ နေထိုင်ရေးအပြင် စားဝတ်နေရေးကိုပါ လိုလေသေးမရှိအောင် ကူညီဆောင်ရွက် စောင့်ရှောက်ပေးထားပါတယ်။ ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ပြီး သူတို့ နှစ်ဦးအတွက် CDM ကုဒ်နံပါတ်တွေ ရရှိအောင်လည်း သူတို့ရဲ့ဆန္ဒအတိုင်းကျွန်တော်တို့ ဆောင်ရွက်ပေးနေပါတယ်”ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ခံကိုစတားက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း CDM ဝင်ရောက်လာသည့် ရဲတပ်သား နှင့် စစ်သား စုစုပေါင်း ၂၃၇ ဦးထိ ရှိပြီး ထားဝယ်ခရိုင်အတွင်းမှာ ၉၈ ဦး၊ မြိတ်ခရိုင်အတွင်းမှာ ၁၁၀ ဦး နှင့် ကော့သောင်းခရိုင်အတွင်းမှာ ၂၉ ဦးအထိရှိလာပြီ ဖြစ်ကြောင်းသိရသည်။

တနင်္သာရီတိုင်း အတွင်းရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူနှင့်အတူ အချိန်မီပူးပေါင်းကြရန်၊ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာပါက ကောင်းမွန်စွာ စောင့်ရှောက်ပေးမည့်အပြင် ဂုဏ်ပြုဆုငွေများပါ ချီးမြှင့်သွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ပုံစာ- CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ခမရ-၅၆ ၁တပ်ရင်းမှ စစ်ကောင်စီ တပ်သား၂ဦး
#တနင်္သာရီအခြေစိုက် #ခမရ၅၆၁တပ်ရင်း #စစ်ကောင်စီတပ်သား၂ဦး #CDMပြုလုပ် #ပြည်သူ့ရင်ခွင်ခိုလှုံ #Ayeyarwaddy_Times