ကိုကိုမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇူလိုင်လ ၂၃ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ဝူရီဖိုင်းနန့်စ်(မြန်မာ) ငွေစုငွေချေးလုပ်ငန်း၏ ဒုမန်နေဂျာအား ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ်မှ ရုံးအတွင်း ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

” စစ်ကောင်စီတပ်က အင်အားသုံးပြီးဖမ်းသွားတာဗျ။ ဝင်ဝင်ချင်းမှာပဲ ပါးတွေရိုက်တာတွေ့တယ်။ ဘာကြောင့်ရိုက်တာလည်းတော့မသိရဘူးဗျ။ လက်ရှိအခြေနေမှာတော့ ဘယ်ကိုယ်ဖမ်းဆီးသွားလည်းတော့မသိရသေးဘူး” ဟု မျက်မြင်တွေ့ရှိခဲ့သည့် မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဝူရီဖိုင်းနန့်(စ်)မြန်မာ ငွေစုငွေချေးလုပ်ငန်းရဲ့ ဒုမန်နေဂျာအား စစ်ကောင်စီတပ်များက ဇူလိုင်လ ၂၁ ရက်နေ့ကတည်းက ဖမ်းဆီးသွားခြင်းဖြစ်သော်လည်း ယနေ့အချိန်အထိ မအူပင်မြို့မရဲစခန်းသို့ ပို့ဆောင်လာခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

” စစ်တပ်က ဖမ်းသွားတာ။ ကျွန်တော်တို့မသိရဘူးဗျ။ ဒီမနက်စုံစမ်းကြည့်မှ စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်ဆိုတာပဲသိရတာ။လက်ရှိအချိန်ထိတော့ ရဲစခန်းကို လာမပို့သေးဘူး။ အကြောင်းကြားတာလည်း မရှိသေးဘူး” ဟု မအူပင်မြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် စစ်ကောင်စီတပ်နှင့် သတင်းပေး(ဒလန်)များက နေ့စဥ် မြို့ပတ်ကာ ဖမ်းဆီးငွေညှစ်မှုများလုပ်ဆောင်ပြီး ငွေမပေးပါက အကျဥ်းကျခံရသည်အထိ အရေးယူမှုများလုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။