ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၄ ရက်

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသော ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် စစ်ဘေးရှောင် ၃၀၀၀၀ ကျော်ရှိနေပြီး စားဝတ်နေရေးအခက်အခဲ ကြုံနေကြရ ကြောင်း သတင်းရရှိသည်။

အဆိုပါစစ်ဘေးရှောင်များသည် ဘုန်းကြီးကျောင်းများတွင် အများစုနေထိုင်ကြပြီး ဆွေမျိူးများရှိရာ အခြားမြို့ကြီးများသို့ ပြောင်းရွှေ့နေ ထိုင်ကြသူများလည်း ရှိကြောင်း လားရှိုးဒေသံတစ်ဦး ကပြောကြားသည်။

စစ်မက်ဧရိယာအတွင်းပါဝင်သော လားရှိုးမြို့နယ်တွင် စစ်ရှောင်ပြည်သူ ၆,၇၁၆ ဦး ၊ သိန္နီမြို့နယ်တွင် ၉,၀၂၃ ဦး၊ ကျောက်မဲမြို့နယ်တွင် ၄၄၀ ဦး၊ ကွတ်ခိုင်တွင် ၁.၁၀၀ ဦး၊ လောက်ကိုင်တွင် ၁,၀၀၀ ဦး၊ မူဆယ်တွင် ၆၀ ဦး၊ ဝပြည်တွင် ၅,၀၀၀ ဦးအပါအဝင် အနီးဝန်းကျင်ကျေးရွာများအတွင်း စစ်ဘေး ရှောင်ပြည်သူ ၉,၁၀၆ ရှိပြီး စုစုပေါင်းစစ်ရှောင်ပြည်သူဦးရေ ၃၂,၄၄၅ ခန့် ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုး (NUG) က နိုဝင်ဘာ ၃ ရက်နေ့က ထုတ်ပြန်သည်။

ယင်းမြို့နယ်များတွင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု၊ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံရမှုများပါအဝင် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြာင်းတိုက်ခိုက်မှု ဒဏ်ကိုပါ ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် လောက်ကိုင်မြို့နယ်တွင် စစ်ကိုင်းတိုင်း၊အညာဒေသနှင့် တိုင်းနှင့်ပြည်နယ် အသီးသီးမှ သွားရောက်အလုပ်လုပ်ကိုင် နေသူများအနေဖြင့် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အလုပ်အကိုင်များ နားထားရပြီး စားဝတ်နေရေး အခက်ခက်ခဲဖြစ်‌နေကြောင်း အညာဒေသခံတစ်ဦးက ဆိုသည်။

“အဲဒီဘက်( လောက်ကိုင်)မှာ ရွာကလူတွေအများကြီးပဲ။ အယောက် ၅၀ လောက်ရှိမလားမသိဘူး။ အလောင်းကစားဆိုင်တွေ ကုန်စုံဆိုင်တွေမှာ အလုပ်လုပ်ကြတာ။ တစ်လကို မြန်မာငွေ သိန်း ၂၀၊ သိန်း၃၀ လောက်ရတယ်ပြောတယ်”ဟု အညာဒေသခံတစ်ဦးက ဆက်လက်ပြောကြားသည်။

လားရှိုးမြို့မှတဆင့် လောက်ကိုင်မြို့ကို ရေသန့်ဗူး၊ ဆန်၊ စားသောက်ကုန်များအားလုံးကိုပို့ ဆောင်ရခြင်းဖြစ်ကာ ယခုချိန်တွင် ကုန်စည်ပို့ဆောင်နိုင်ခြင်းမရှိသဖြင့် ကုန်ဈေးနှုန်းကြီးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ယမန်နေ့က လောက်ကိုင်တွင် ဆန်တစ်အိတ် ယွမ် ၁၂၀၀ ပေးရကာ အဆိုပါနှုန်းထားသည် မြန်မာငွေကျပ်ငွေ ငါး သိန်းနှင့် ညီမျှပြီး လူတစ်ဦးလျှင် ဆန်တစ်အိတ်နှုန်း ရောင်းချပေးကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“လောက်ကိုင်က စားသောက်ကုန်တွေကို လာရှိုးကနေပဲပို့ရတာ သူတို့ဆီမှာဘာမှမထွက်ဘူး။ ဒီဘက်က ပဲထွက်တာဆိုတော့ ဒီဘက်တက်ရင်ဟိုဘက်မှာလည်းတက်ရမှာပဲ။ ကုန်ကားတွေလည်းမတက်ရ တော့ဘူး ဆိုတော့” ဟု လားရှိုးဒေသခံတစ်ဦးက ဆိုသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်လိုအပ် ချက်များဖြစ်သည့် အစားအသောက်များ၊ ယာယီအမိုးအကာနှင့် အသုံး အဆောင်ပစ္စည်းများကို ထောက်ပံ့ပေးနိုင်ရန် မြေပြင်တာဝန်ခံများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အောက်တိုဘာလ ၂၇ ရက်နေ့က စတင်သော ၁၀၂၇ စစ်ဆင်းရေးသည် ယနေ့ နိုဝင်ဘာ ၄ ရက်နေ့တွင် ၈ ရက်ခန့်ရှိလာပြီဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီစခန်း ၁၀၀ ကျော်နှင့် မြို့နယ်လေးမြို့နယ်ကို အခြေချသိမ်းပိုက်ထားနိုင်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး များဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် သေဆုံးသူ ၁၈ ဦးနှင့် ထိခိုက်သူဒဏ်ရာရရှိသူ ၄၄ ဦးရှိခဲ့ပြီး လူနေအိမ် အဆောက်အအုံနှင့် ဘာသာရေးအဆောက်အအုံ ၁၀၀ နီးပါးပျက်စီးကြောင်း NUG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၂၂ မြို့တွင် ၉ မြို့နယ်၌ တိုက်ပွဲများဖြစ်ပွားနေကာ နေရပ်စွန့်ခွာထွက်ပြေး သူများတိုးလာနေပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ လူဦးရေး နှစ်သန်းနီးပါးရှိ လာပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – SSA
#1027 #ရှမ်းမြောက်စစ်ဆင်ရေး #စစ်ဘေးရှောင် #စားဝတ်နေရေးခက်ခဲ #Ayeyarwaddy_Times