ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၄ ရက်

ရှမ်းပြည်နယ်မြောက် သီပေါမြို့နယ်ရှိ တပ်ရင်းမိသားစု၀င်များက စစ်သည်များ‌ အသက်အန္တရာယ် ဘေးကင်းရေးအတွက် ဘိုးဘိုးကြီးနတ်နန်းတွင် ပွဲထိုး ယတြာချေ ဆုတောင်းမှုများ ပြုလုပ်လာကြောင်း သိရသည်။

သီပေါမြို့နယ်၊ တုံစင့်‌ကျေးရွာရှိ တုံစင့်ဘိုးဘိုးကြီးနတ်နန်းတွင် သီပေါနှင့်ကျောက်မဲ တပ်ရင်းမိသားစု၀င်များက ရှေ့တန်းရောက်စစ်သည်များ ဘေးကင်းရေးအတွက် ပွဲထိုး ယတြာချေ ဆုတောင်းမှုများပြုလုပ်နေ ကြခြင်းဖြစ်သည်ဟု တပ်တွင်းသတင်း ရင်းမြစ်ထံမှ သိရသည်။

လက်ရှိဖြစ်ပွားနေသည့် ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ရာချီသေဆုံးပြီး တပ်ရင်းအလိုက်၊ တပ်ဖွဲ့အလိုက် လက်နက်ချ အညံ့ခံမှုများ၊ သေဆုံးမှုများဖြစ်နေသည့်အတွက် ယခုကဲ့သို့ ဘိုးဘိုးကြီးနတ်နန်းတွင် ပွဲထိုးဆုတောင်းမှုများ ပြုလုပ်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

“အောက်တိုဘာ ၂၉ ရက်နေ့ကတည်းက တပ်မိသားစု ၀င်တွေ တဖွဲဖွဲရောက်လာပြီး တပ်ရင်းအတွက်ရော၊ သူတို့မိသားစု၀င်တွေအတွက်ရော ဘိုးဘိုးကြီးဆီမှာ ပွဲထိုးပြီး လာဆုတောင်းနေကြတာ”ဟု ဒေသခံပြည်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပွဲထိုးဆုတောင်းစာရွက်များတွင် ခမရ ၅၀၂ တပ်ရင်း၊ ခမရ ၅၀၃ တပ်ရင်းမှူးနှင့် အရာရှိ၊ အရာခံ အကြပ်စစ်သည် နောက်တန်းမိသားစု၀င်များ၊ ကွတ်ခိုင် ၄၅ တပ်ရင်း စသည်တို့မှ တပ်မိသားစု၀င်များက လာရောက် ပွဲထိုးဆုတောင်းမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

ထိုသို့ဆုတောင်းယတြာချေမှုများ ပြုလုပ်နေသော်လည်း အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ရှမ်းမြောက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကတည်းက စစ်ကောင်စီတပ်သားများက တပ်ရင်းလိုက် သေဆုံးမှုများနှင့် ညီနောင်မဟာမိတ် အဖွဲ့ထံလက်နက်ချ အညံ့ခံမှုများ ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
#ရှမ်းမြောက် #သီပေါ #တုံစင့်ဘိုးဘိုးကြီးနတ်နန်း #စစ်ကောင်စီ #မိသားစုများ #ဆုတောင်း #ယတြာချေ #Ayeyarwaddy_Times