
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ နိုဝင်ဘာလ ၄ ရက်
ရှမ်းပြည်မြောက်ပိုင်းတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်များသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းပါဝင်၍ စစ်ကောင်စီတပ် များကို တိုက်ခိုက် နေပြီး စစ်ဆင်ရေးအောင်မြင်သည်အထိပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။
ညီနောင်မဟာမိတ် သုံး ဖွဲ့ဖြစ်သည့် ကိုးကန့် (MNT JP/MNDAA)၊ တအောင်း (PSLF / TNLA)၊ ရက္ခိုင် (ULA/ AA) တို့မှ ဦးဆောင်၍ စစ်ဆင်ရေးဖော်ဆောင်နေသည့် ရှမ်းမြောက်ဒေသတွင် KNDF တပ်ရင်းအမှတ်(၆၀၆) လည်း ပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
“ညီနောက်မဟာမိတ် သုံးဖွဲ့ဦးဆောင်တဲ့ စစ်ဆင်ရေးမှာ KNDF တပ်ရင်း ၆၀၆ က ဒီစစ်ဆင်ရေးရဲ့ အစကနေ အခုချိန်ထိ ပါ၀င်တိုက်ခိုက်နေပါတယ်။ စစ်ဆင်ရေး အောင်မြင်တဲ့အထိ ဆက်ပြီးပါ၀င်သွားမှာဖြစ်တယ်” ဟု KNDF မှ ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
KNDF အနေဖြင့် ညီနောင် မဟာမိတ်အဖွဲ့မှ ဦးဆောင်၍ စတင်ခဲ့သည့် စစ်ဆင်ရေးကို ထောက်ခံကြိုသည်။ ထို့ကြောင့် ညီနောင် မဟာမိတ်များ အကောင်အထည် ဖော်လျက်ရှိသည့် စစ်ဆင်ရေးများတွင် ပါဝင်တိုက်ပွဲဝင်နေပြီး စစ်ရေးရည်မှန်းချက်များ အောင်မြင်သည်အထိ ပူးပေါင်းတိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း KNDF၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
“လက်ရှိ ကရင်နီမှာ တိုက်ပွဲတွေ ဖော်ဆောင်ဖို့က လတ်တလော စစ်ကောင်စီရဲ့ ထောက်ပို့ ယာဉ်တန်းတွေဖြတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို၊ ဘော်လခဲ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ စစ်ကြောင်းထိုး လှုပ်ရှားမှု တွေရှိတယ်။ ဒီလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ ထိုးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒီထက်ပိုပြီးတော့ စစ်ကောင်စီ ကိုထိရောက်တဲ့ ထိုးစစ်ဆင်မှုတွေ ပြန်လုပ်နိုင်ဖို့ အတွက်လည်း ကြိုးစားနေ တာမျိုးတွေရှိပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
ညီနောင် မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များ ပါဝင်သည့် “၁၀၂၇ စစ်ဆင်ဆင်ရေး” ၏ ၈ ရက်မြောက်နေ့တွင် ချင်းရွှေဟော်၊ သိန္နီ၊ ဖောင်းဆိုင်နှင့် ကြူကုတ်-ပန်းဆိုင်း မြို့များကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ၏ စစ်ခန်း ၁၀၀ ကျော်အပြင် သံချပ်ကာကား ခြောက် စီးကိုလည်း သိမ်းဆည်း ထားနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – KNDF
#ကရင်နီ #၁၀၂၇စစ်ဆင်ရေး #KNDFပါဝင်တိုက်ပွဲဝင် #ရှမ်းမြောက် #Ayeyarwaddy_Times