
ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၃ ရက်
ညီနောင်မဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ၈ ရက် မြောက်နေ့တွင် တအာင်းတပ်မတော် (TNLA)က စစ် ကောင်စီတပ်စခန်း လေး ခုကို ထပ်မံသိမ်းပိုက်ခဲ့ ကြောင်း သိရသည်။
မဟာမိတ်အဖွဲ့များသည် ကိုးကန့်အထူးဒေသ ၁ နှင့်ဆက်စပ်နေသည့် ဒေသများတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ကိုးကန့် (MNDAA) ၊ တအာင်း (TNLA) ၊ ရက္ခိုင့်တပ်တော် (AA) ညီနောင်မဟာမိတ်သုံးဖွဲ့က ၎င်းတို့ သတ်မှတ်ထားသည့် ပစ်မှတ်များ၊ စစ်ကောင်စီ တပ်၏ စစ်ရေးအရအရေးပါသည့် စစ်စခန်းများ၊ စစ် ဘက်နှင့်သက်ဆိုင်သည့် ရဲကင်း၊ ရဲစခန်းများ၊ နယ် ခြားစောင့်တပ်များနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းများကို စစ်ဆင်ရေးများ ဖော်ဆောင် ပြီး တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယနေ့ နို၀င်ဘာ ၃ ရက်နေ့တွင် တအာင်းတပ်မဟာ ၁ စစ်ဒေသ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ် ထားသည့် ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်တွင် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာဖြင့် သုံးကြိမ်တိုင် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် တအာင်းတပ်မဟာ ၃ စစ်ဒေသအတွင်းရှိ မန်တုံရဲစခန်း၊ မန်တုံမြို့ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ် တပ်စခန်းနှင့် တအာင်းတပ်မဟာ ၂ စစ်ဒေသ မိုးမိတ်မြို့နယ်ရှိ ကွန်ခါတပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆို သည်။
စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နမ့် ခမ်းမြို့နယ်၊ ဟိုခိုကျေးရွာအတွင်းသို့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး လွယ်အင်ကျေးရွာ အတွင်းသို့လည်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ် နှင့် ဘုန်းကြီးကျောင်းများပျက်စီးခဲ့ပြီး အရပ်သားပြည် သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆင်ရေး လုပ်ဆောင်ရသည်နှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် စစ်ရေးဆင်နွှဲနေသည်သာမက လောင်းကစား လိမ်လည်မှု ကျားဖျင့်ပပျောက်ရေးနှင့် ဆက်စပ်သည့်ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာနယ် မြေများတွင် ဆက်လက်စစ်ဆေးကာ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းတို့ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များသည်လည်း စစ်ကိုင်းနှင့် မကွေးနေရာအနှံ့တွင် စစ်ဆင်ရေး များဖော်ဆောင်နေပြီး စစ်ကောင်စီ၏ စစ်စခန်း၊ စစ်တပ်အထိုင်ချရာ ရဲစခန်း၊ ထွေအုပ်ရုံးစသည်တို့ကို တပြိုင်နက်တည်း၀င်ရောက် တိုက်ခိုက်သိမ်းပိုက်နေကြောင်း သိရသည်။
ဓာတ်ပုံ-Operation 1027 – 3BHA
#၁၀၂၇စစ်ဆင်ရေး #ညီနောင်မဟာမိတ်သုံးဖွဲ့ စစ်ဆင်ရေး၈ရက်မြောက် #TNLA #စစ်ကောင်စီတပ်စခန်း၄ခုသိမ်း #စစ်ကိုင်း #မကွေး #PDF #Ayeyarwaddy_Times