
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စခန်းသိမ်းတိုက်ပွဲများ ဖောင်ဆောင်နေ၍ ကုန်သွယ်ရေး လမ်းကြောင်းပိတ်ထားသဖြင့် ရန်ကုန်ဈေးကွက်တွင် ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ကျပ်နှစ်သောင်း(၂၀၀၀၀) ဖြစ်သွားကြောင်း မြို့ခံအိမ်ရှင်မတစ်ဦးက ပြောကြားသည်။
ကြက်သွန်ဖြူ (ကြူကုတ်) သည် အောက်တိုဘာ ၂၇ ရက်နေ့မတိုင်ခင် တစ်ပိဿာ တစ်သောင်းတစ်ထောင်(၁၁၀၀၀)ကျပ်ဖြစ်ပြီး ယခုအခါ နှစ်သောင်း(၂၀၀၀၀)ကျပ်အထိ ခုန်တက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေး ကို အောက်တိုဘာ ၂၇ တွင်စတင်ဖော် ဆောင်ပြီးနောက် တစ်ပတ်အကြာအောက်တိုဘာ ၃၁ ရက်နေ့တွင် ကြက်သွန်ဖြူ တစ်ပိဿာ ၁၅၀၀၀ ကျပ်မှ နိုဝင်ဘာ ၁ ရက်နေ့တွင် ၁၆၅၀၀ ကျပ်၊ နိုဝင်ဘာ ၃ ရက်နေ့တွင် တစ်ပိဿာ ကျပ် နှစ်သောင်း(၂၀၀၀၀)အထိ ဈေးမြင့်တက်လာကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရသည်။
“ အရင်အပတ်တွေက တစ်ပိဿာ တစ်သောင်းတစ်ထောင်လောက်ပဲရှိတာ။ အခု ကုန်သွားလို့ ဈေးဝယ်တော့မှ နှစ်သောင်းဖြစ်သွားတာသိတယ်။ ဈေးသည်ပြောတာ ဒိုင်ဈေးတောင် ၁၈၀၀၀ ရှိတယ်တဲ့။ လိုချင်သလောက်လဲ ဝယ်မရဘူး။ တစ်ယောက်ကို တစ်အိတ်ပဲရောင်းတယ်ပြောတယ်” ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်မ်း ကိုပြောသည်။
ထို့ပြင် ရှမ်းပြည်ဘက်မှလာသည့်ကြက်သွန်ဖြူ(ကြူကုပ်) ဈေးအပြင် ဗမာကြက်သွန်ဖြူ ဥ တစ်ပိဿာ ၁၅,၀၀၀ ကျပ်၊ ဥတစ်လုံး ကြက်သွန်ဖြူ တစ်ပိဿာ ၁၇,၀၀၀ ကျပ်ရှိ ကြောင်း ရန်ကုန်မြို့ရှိ လက်လီဈေးကွက်က သိရသည်။
ယင်းပြင်တရုတ်ပြည်မှ တင်သွင်းရသည့်ကုန်ပစ္စည်းအမျိုးအစားများတွင် လူသုံးကုန်နှင့် စားသောက်ကုန်အချို့သည် ကျပ် ၃၀၀ မှ ၁၀၀၀ ကျပ်အထိ ဈေးတက်သွားကြောင်းသိရသည်။
ညီနောင်မဟာမိတ်အဖွဲ့ ( မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA၊ တအောင်းအမျိုးသား လွတ်မြောက်ရေး TNLA၊ ရက္ခိုင်တ်တော် AA ) တို့သည် ရှမ်းမြောက်တွင်စစ်ရေး ပြုလုပ်နေသဖြင့် လားရှိူးမှ ချင်းရွှေဟော် နှင့် လားရှိုူးမှ မူဆယ် ပြည်ထောင်စုလမ်းမကြီးကို အရေးပေါ်ပိတ်ကြောင်း ထုတ်ပြန်ထားပြီး ပြန်ဖွင့်မည့် အချိန်ကို ထုတ်ပြန်ပေး မည်ဖြစ်ကြောင်း ပန်ကြားထားသည်။
အဆိုပါတိုက်ပွဲဖော်ဆောင်နေချိန်တွင် လမ်းတံတားများကိုဖျက်ဆီးထားသော်လည်း လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်လေးခုနှင့် စစ်ကောင်စီ တပ်စခန်း ၁၀၀ ကျော်ကိုသိမ်းပိုက်ထား နိုင်ကြောင်း ကိုးကန့်တပ်မတော် MNDAA ၏ ထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ရှမ်းမြောက် #ကြက်သွန်ဖြူကြူကုတ်ဈေးတက် #ကျပ်တစ်သောင်းနီးပါး #Ayeyarwaddy_Times