ဧရာဝတိတိုင်းမ်
နိုဝင်ဘာလ ၃ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာရှိ ကညင်ဆည်ပေါ်သို့ သွားလာခွင့်နှင့် ပတ်သက်ပြီး အောက်တိုဘာလ နောက်ဆုံးပတ်ကစ၍ မြို့နယ်စစ်ကောင်စီမှ အချိန်ကန့်သတ်လိုက်ကြောင်း ဒေသခံများထံက သိရသည်။

ကညင်ဆည်ပေါ်သို့ သွားလာခွင့်အတွက် ညနေ ၆နာရီ မှ နံနက်၆နာရီ အထိကို တားမြစ်ထားကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များထံက သိရှိရသည်။

”ကညင်ဆည်ဘက်ကို အရင်လိုသွားလို့မရတော့ဘူး။ ညနေ၆နာရီနံနက်၆နာရီအချိန်ကန့်သတ်လိုက်တယ်။ မြို့နယ်ထွေအုပ်က ညွှန်ကြားချက်ထုတ်လိုက်တာ”ဟု ဘန့်ဘွေးကုန်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းကဲ့သို့ အချိန်ကန့်သတ်လိုက်မှုကြောင့် ဒေသခံကျေးရွာများအနေဖြင့် ကညင်ဆည်အနီး၌ သစ်ဝါးခုတ်ရန် အခက်အခဲများဖြင့် ရင်ဆိုင်နေရကာ စစ်ကောင်စီတပ်ဖွဲ့အချို့ကို လုံခြုံရေးကင်းချမှုများ ရှိနေကြောင်း ဒေသခံကျေးရွာသားများထံက သိရသည်။

”အချိန်ကန့်သတ်လိုက်တော့ ဆည်အနားက တောထဲကိုထင်းခုတ်၊ဝါးခုတ်တာတွေအတွက်ခက်ခဲသွားတာပေါ့။ စစ်သားတွေကို ဆည်အနားမှာ လုံခြုံရေးချထားတာတွေ့ရတယ် ။ ဆည်အနားသေချာမသွားရဲတော့ဘူး”ဟု ဘန့်ဘွေးကုန်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးကဆိုသည်။

အလားတူ မြန်အောင်မြို့နယ်ရှိ ဘန့်ဘွေးကုန်း၊ တပ်ကုန်းအပါအဝင် ရခိုင်ရိုးမနှင့်ထိစပ်နေသည့် ကျေးရွာများတွင် တစ်ညလျှင် သုံးဦးနှုန်းဖြင့် ညကင်းစောင့်ခိုင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လအတွင်း ဘန့်ဘွေးကုန်းကျေးရွာအနီး ရခိုင်ရိုးမတောင်ပေါ်၌ တော်လှန်ရေးတပ်စခန်းငယ်အချို့နှင့် လက်နက်ငယ်များကို စစ်ကောင်စီတပ်မှ သိမ်းဆည်းရရှိမိမှုကြောင့် ရိုးမတောင်အနီးကျေးရွာများသို့ စစ်ကြောင်းထိုးမှု အကြိမ် ၅၀ ထက်မနည်းရှိခဲ့သည်။

#မြန်အောင် #ကညင်ဆည် #သွားလာခွင့် #စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့မှ #အချိန်ကန့်သတ်
#Ayeyarwaddy_Times