ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်

ဧရာဝတီတိုင်းအတွင်းရှိ တောင်သူများအား စျေးကွက်မရှိသည့်အပြင် အောင်မြင်ဖြစ်ထွန်းမှုနည်းသည့် နေကြာသီးနှံအား ထပ်မံစိုက်ပျိုးကြရန် အုပ်ချုပ်ရေးမှူးများမှတဆင့် ပြောကြားကြောင်း ဒေသခံ လယ်သမားများထံမှ သိရသည်။

ဧရာဝတီတိုင်းရှိ ပန်းတနော် ၊ အိမ်မဲ ၊ကျောင်းကုန်း ၊ဝါးခယ်မ စသောမြို့နယ်များတွင် ၂၀၂၂ မှစပြီး မစိုက်မနေရ ပုံစံမျိုးဖြင့် အုပ်ချုပ်ရေးမှူးများမှတဆင့် ကျေးရွာတောင်သူများအား လက်မှတ်ထိုးကာ အတင်းအကျပ် စိုက်ပျိုးခိုင်းခဲ့သော်လည်း စျေးကွက်နှင့် ဖြစ်ထွန်းအောင်မြင်မှုမရှိသောကြောင့် တစ်ရာသီစာဆုံးရှုံးခဲ့ကြရပြီး လာမည့်စိုက်ပျိုးရာသီတွင် စစ်ကောင်စီမှ ထပ်မံစိုက်ပျိုးရန် ပြောကြားလာကြောင်း ဒေသခံလယ်သမားများထံက သိရသည်။

“မနှစ်ကလည်း နေကြာစီမံချက်ဆိုပြီး တောင်သူတွေကိုစိုက်ခိုင်းတယ်။ လယ် ၁၀ ဧကရှိရင် သုံးဧက စိုက်ရမယ်ဆိုပြီး တောင်သူတွေကို ခေါ်ပြီးအစည်းအဝေးလုပ် လက်မှတ်ထိုးစိုက်ခိုင်းတယ်။ ပြီးတော့ သူတို့ပေးတဲ့ မျိုးစေ့တွေနဲ့စိုက်တာ တစ်ဧကစိုက်လို့ အပင် ၁၀၀ တောင်မကျော်တဲ့အကွက်တွေရှိတယ် အခုလည်းထပ်စိုက်ရမယ်ဆိုပြီး အစည်းအဝေးခေါ်တယ် “ဟု ပန်းတနော် မြို့နယ်မှ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီမှ တောင်သူများအား နေကြာစိုက်ခိုင်းသော်လည်း စိုက်ပျိုးရေးအသိ ပညာပေးခြင်း ၊ထောက်ပံ့မှု ပေးခြင်းများမရှိပဲ မျိုးစေ့ဖြန့်ဖြူးပေးခြင်းသာ လုပ်ဆောင်နေပြီး မျိုးစေ့များကို စိုက်ပျိုးရေးဌာနမှ ခွဲတမ်းဖြင့် ထုတ်ပေးလျှက်ရှိကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

“နေကြာစိုက်ခိုင်းတာနဲ့ပတ်သက်လို့ စိုက်ပျိုးရေးအသိပညာပေးတာ အရောင်းဝယ်စျေးကွက် ချိတ်ဆက်ပေးတာ ဘာမှလုပ်မပေးဘူး ။ သူတို့က ဘာပြောလည်းဆိုတော့ ရောင်းမဲ့နေရာမရှိရင် ဆီကြိတ်စားခိုင်းတယ်။ သူတို့ပေးတဲ့မျိုးစေ့ရဲ့ အပင်ပေါက်နှုန်းနဲ့ တစ်ဧက ဆီ ၅၀ သားတောင်မရဘူး။ နေကြာစိုက်ခိုင်းမဲ့အစား ကိုယ်စိုက်နေကြ ပဲ၊ ငရုတ် စိုက်ရင် ဘာပဲဖြစ်ဖြစ်ချောင်လည်သေးတယ် ” ဟု ယုဇနကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီအနေဖြင့် တောင်သူများကိုသာမကပဲ ၄င်း၏ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများကိုပါ နေကြာစိုက်ပျိုးခိုင်းနေပြီး အောင်မြင်မှုမရှိခဲ့ကြောင်း ဌာနဆိုင်ရာဝန်ထမ်းအချို့က ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ခြင်းမရှိသောကြောင့် ဧရာဝတီတိုင်းအတွင်း နေကြာစိုက်ပျိုးမှုကို တိုးမြှင့်ကာ နေကြာဆီထုတ်လုပ်ရန် ကြိုးစားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

#ဧရာဝတီတိုင်း #ဈေးကွက် #အောင်မြင်မှု #နေကြာ #စစ်ကောင်စီက #ထပ်မံစိုက်ပျိုးခိုင်း
#Ayeyarwaddy_Times