ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်

တိုင်းရင်းသားလက်နက်ကိုင်များကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ပြောကြားချိန်တွင် အပြုသဘေ ာဆောင်သော ဆွေးနွေးမှုများရှိခဲ့ပြီး ကြိုတင်ပြင်ဆင်မှုများပြုလုပ်၍ တပ်စခန်းများကို တိုက်ခိုက်ခဲ့သဖြင့် တန်ပြန်ချေမှုန်းမှုများဆက်လုပ်မည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

ယမန့်နေ့ နိုဝင်ဘာ ၂ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် (MNDAA) ၊ တအာင်း (TNLA) ၊ ရက္ခိုင့်တပ်တော် (AA) ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တို့သည် စစ်ကောင်စီ၏ နယ်မြေလုံခြုံရေးစခန်းများနှင့် ဌာနဆိုင်ရာရုံးများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း စစ်ခေါင်းဆောင်က ဝန်ခံပြောကြားခဲ့သည်။

“ KIA အဖွဲ့ကို နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားမှုမရှိစေဖို့ သတိပေးခဲ့ပေမယ့် ၎င်းတို့အနေနဲ့ အင်အား အလွန်အကျွံသုံးပြီးတော့ လုံခြုံရေးစခန်းတွေကိုတိုက်ခိုက်ခဲ့လို့ မိမိတို့အနေနဲ့ လုံခြုံရေးအရပြန်လည်ဆောင်ရွက် ခဲ့ရပြီး တန်ပြန်ချေမှုန်းသွားမယ်” ဟု စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

တော်လှန်ရေးကာလ နှစ်နှစ်ကျော်လာပြီးနောက်တွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့အများက ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများပြု ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း နှင့် ရဲစခန်းပေါင်း စုစုပေါင်း ၁၀၀ကျော်ကို သိမ်းပိုက်ထားပြီး KIA ကလည်း စစ်ကောင်စီ၏ တပ်စခန်းများကို သိမ်းယူခဲ့သည်။

စစ်ကောင်စီတပ်စခန်းအများ အကျအဆုံးများမှုကြောင့် တန်ပြန်ချေမှုန်းမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့ထားသော်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ချေမှုန်းရေးဆိုသည့် စကားလုံးကိုရှောင်သင့်ပြီး ချုပ်ငြိမ်းရေး စကားလုံး သုံးသင့်ကြောင်း ကချင်လွတ်လပ် ရေးကောင်စီ ( KIC) ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ဆိုထားသည်။

“ အာဏာသိမ်းပြီးတဲ့နောက် နွေဦးတော်လှန်ရေးအဖွဲ့တွေကိုကော စစ်ကောင်စီကိုကော ပြောတဲ့ အချက် ၂ ချက်ရှိတယ်။ တစ်အချက်ကတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ဟာ ခြေမှုန်းရေးဆိုတဲ့ စကားလုံးကို ရှောင်သင်တယ်။ ချုပ်ငြိမ်းရေး စကားကိုသုံးသင့်တယ်။ စစ်ကောင်စီရှုံးရင် ဘယ်ကိုထွက်ပြေးမှာလဲ၊ သူ့တပ်သားတွေ အကုန်ကို ချေမှုန်းလိုက်ရမှာလား၊ အဲ့ဒီတော့ ခြေမှုန်းရေးဆိုတဲ့ စကားကိုမသုံးဘဲနဲ့ စစ်အာဏာရှင်စနစ်၊ အာဏာရှင်စနစ်မှန်သမျှ အကုန်လုံး ချုပ်ငြိမ်းရမယ်၊ ဒါကြောင့် ချုပ်ငြိမ်းရေးဆိုတဲ့ စကားကို အဓိက သုံးပြီး ပြောပါတယ်။ ခွင့်လွှတ်လို့မရတဲ့ အမှားမျိုးရှောင်ကျဉ်သင့်တယ်” ဟု KIC ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က BBC နှင့် အင်တာဗျူးတွင်ဖြေကြားထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#စစ်ကောင်စီတပ်စခန်းများ #တိုက်ခိုက်သိမ်းပိုက် #တန်ပြန်ချေမှုန်းမှုများ #ဆက်လုပ်မည် #စစ်ခေါင်းဆောင် #Ayeyarwaddy_Times