ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၃ ရက်

စစ်ကိုင်းတိုင်း၊ နေရာအနှံ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်နေပြီး ကသာခရိုင်၊ ကောလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ရဲစခန်း၊ ထွေအုပ်၊ အထကကျောင်းများကို ၀င်ရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ယနေ့ နို၀င်ဘာ ၃ ရက် နံနက် ၄ နာရီအချိန်ကစပြီး ကောလင်းမြို့လယ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ အထကကျောင်းနှင့် ကောလင်းမြို့မြောက်ဘက်ရှိ မြို့မရဲစခန်း‌များကို ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်များက တပြိုင်နက်တည်း ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ပစ်ကူပေးနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ ၀င်ထံက သိရသည်။

လက်ရှိတွင် ကောလင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်က အချိန်ပိုင်းသာခြား၍ ဂျက်ဖိုက်တာနှစ်စီးဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း ဒေသခံများထံက သိရသည်။

“မနက် ၄ နာရီလောက်ကတည်းက စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်တယ်။ မြို့ကိုလည်း မီးဖြတ် လိုက်ပြီ။ ဂျက်ဖိုက်တာနှစ်စီးနဲ့လာပစ်တာ ကောလင်း မြို့ပေါ်က စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းကို ထိ တယ်လို့လည်းကြားတယ်။ အခုထိဂျက်ဖိုက် တာတွေ တက်တုန်းပဲ”ဟု ကောလင်းမြို့နေ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယ‌နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ကလေးမြို့နယ်၊ ရာဇဂြိုလ်ရဲဘက်စခန်း၊ ရာဇဂြိုလ် ဆည်စောင့်စစ်တပ်စခန်း၊ မြောက်စည်းရဲစခန်း၊ သင်တောကျေးရွာ ပျူစောထီးစခန်းတို့ကို ဒေသကာကွယ် ရေးတပ်ဖွဲ့များက ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး ကလေး-တမူးလမ်းပေါ်ရှိ ခမ်းပတ်မြို့နှင့် စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း ကနဦး သတင်းရရှိထားသည်။

ထို့အပြင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်း စခန်းကို ABSDF နှင့် PDF အဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ရဲ ၂၀ ဦး၀န်းကျင်သေဆုံးကာ အရှင် ဖမ်းဆီးရမိသူများလည်းရှိပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ မြို့မရဲစခန်းကို PDF များက ၀င်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ပြုနေ ကြောင်း သိရသည်။

ဓာတ်ပုံ-ကောလင်းPDF
#စစ်ကိုင်းတိုင်း #ကောလင်းစစ်ကောင်စီတပ်စွဲ #ရဲစခန်း #PDFထိုးစစ်ဆင်တိုက်ခိုက် #ဂျက်ဖိုက်တာပစ်ခတ် #Ayeyarwaddy_Times