နွေဦးမောင် /ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းချနေသည့် ဗျူဟာကုန်းကို ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိသော်လည်း တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ Lion Battlion စစ်ကြောင်းမှ ဒုတိယ စစ်ကြောင်း မှူးနှင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း မြေပြင်တော်လှန်ရေး အင်အားစုများထံကသိရသည်။

“ကရင်ပြည်နယ် အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဝင်တိုက်ခဲ့တာ။ ကြာအင်းဆိပ်ကြီး မြို့နယ်ထဲက ခမရ-၁၄၃ အထိုင်ချတပ်စွဲထားတဲ့ ဗျူဟာကုန်းနဲ့ မီးလောင်ချောင်မှာ တပ်စခန်းချထားတဲ့ စစ်တပ်စခန်းကို တပြိုင်ထဲ ဝင်ရောက် တိုက်ခိုက်ခဲ့တာ။ Saw Dragon. Force- (SDDF) တပ်ဖွဲ့က တီထွင်ထားတဲ့ မစ်ဆိုင်း ဒုံးတွေနဲ့ပါ တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်စစ်သား အများပြားရှိတဲ့ နေရာတွေကို မစ်ဆိုင်း လေးလုံး ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုတွေ ရှိတယ်” ဟု မြေပြင်တော်လှန်ရေး တိုက်ပွဲဝင်နေသည့် ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် အထိနာလာ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း အပါအဝင် M-35 လေယာဥ်ဖြင့် ပစ်ကူပေးကာ လေးကြိမ် ဗုံးကြဲခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ Lion Battlion စစ်ကြောင်း ဒုစစ်ကြောင်းမှူး စောလားအပါဝင် ရဲဘော်တစ်ဦး ထိခိုက်ကျဆုံးခဲ့ကြောင်း မြေပြင်တော်လှန်ရေး တိုက်ပွဲဝင်နေသူများထံက သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ဒေသခံများ ထိခိုက်မှုရှိခဲ့ပြီး ဒေသခံပြည်သူ ၁၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်လာ၍ ဒေသခံပြည်သူ ၂၀၀ ကျော်ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ- SDDF တပ်ဖွဲ့ တီထွင်ထားသည့် မစ်ဆိုင်းဖြင့် ပစ်ခတ်နေစဉ်

#စစ်ကောင်စီတပ် #ကြာအင်းဆိပ်ကြီးမြို့နယ် #ဗျူဟာကုန်း #မီးလောင်ချောင်းစခန်း #တော်လှန်ရေးတပ်ဖွဲ့များသွားရောက်တိုက်ခိုက် #Ayeyarwaddy_Times