
ဧရာဝတီတိုင်းမ်
(ဂန့်ဂေါ)၊ နိုဝင်ဘာလ ၃ ရက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၃ ရက် နံနက် ၆ နာရီဝန်းကျင်က စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၉ နာရီ ၃၀ ဝန်းကျင်တွင် စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမင်းရွာရဲစခန်းကို စခန်းသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၆၀ မမလက်နက်ကြီးများ၊ ဒရုန်းဂျန်မာများအပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်း ဆယ် ဦးအထိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“စခန်းသိမ်းနိုင်ခဲ့ပြီး အခုစခန်းကိုလည်း မီးရှို့လိုက်တယ်လို့သိရတယ်။ အလင်းဝင်လာတဲ့သူတွေလည်း အများကြီးပဲ ။ ပုံမှန်ဆို အဲ့ဒီစခန်းကအင်အား ၄၀ ဝန်းကျင်လောက်ရှိတယ်။ လက်နက်တွေလဲ သိမ်းဆည်းရမိပေမဲ့ သေချာအတည်မပြုနိုင်သေးဘူး။ စစ်တပ်က ရဟာတ်ယာဉ်နဲ့ပစ်ဖို့လာပေမဲ့ ရာသီဥတုအခြေအနေက မှုန်မှိုင်းနေတော့ သူတို့မပစ်သွားဘူး။” ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များအနေနှင့် အတည်ပြုစီစစ်နေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား ဂန့်ဂေါခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၇၊ တပ်ရင်း ၁၁၊ တပ်ရင်း ၁၂၊ တပ်ရင်း ၁၄၊ တပ်ရင်း ၁၉၊ ABSDF (ယောဒေသ) နှင့် ရပ်ကျေး ပ.က.ဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသိရသည်။
ယနေ့တွင် မင်းရွာရဲစခန်းအပြင် မြောက်စည်းရဲစခန်း၊ကလေးမြို့ ရာဇဂြိုလ်ဆည်တပ်စခန်း၊ တမူး ခမ်းပတ်ရဲစခန်း များကို ဝောာ်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက တပြိုင်တည်း တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ယက်
#ဂန့်ဂေါ #မင်းရွာရဲစခန်း #စခန်းသိမ်း #တော်လှန်ရေးတပ်ဖွဲ့ #Ayeyarwaddy_Times