
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်
၂ လအတွင်း ဒုတိယအကြိမ် ပူးတွဲဖြတ်သန်းမှုအဖြစ် အမေရိကန်နဲ့ ကနေဒါစစ်သင်္ဘောတွေ ထိုင်ဝမ်ရေ လက်ကြားမှ ဖြတ်သန်းသွားပြီးနောက် တရုတ်တပ်ဖွဲ့တွေကို အမြဲတမ်း အမြင့်ဆုံးအဆင့် တပ်လှုန့်ထားတယ်လို့ တရုတ်နိုင်ငံက ယနေ့ ပြောကြားလိုက်ပါတယ်။
အမေရိကန်ဖျက်သင်္ဘော USS Rafael Peralta နဲ့ ကနေဒါ ဖရီးဂိတ်သင်္ဘော HMCS Ottawa တို့က မနေ့က ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် ပုံမှန်ဖြတ်သန်းမောင်းနှင်မှု ပြုလုပ်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။
“ဒေသတွင်းရှိ တရုတ်တပ်ဖွဲ့တွေကို အမြင့်ဆုံးအဆင့် တပ်လှုန့်ထားပြီး အချုပ်အချာအာဏာ၊ လုံခြုံရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်မယ်” လို့ တရုတ်စစ်တပ် အရှေ့ပိုင်းစစ်ဌာန ချုပ်၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ရှီယီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အမေရိကန်နဲ့ အနောက်မဟာမိတ်တွေဟာ ထိုင်ဝမ်ရေလက်ကြားနဲ့ အငြင်းပွား တောင်တရုတ်ပင်လယ် အတွင်း စစ်သင်္ဘောတွေ ဖြတ်သန်းမောင်းနှင်ပြီး လွတ်လပ်သော ရေကြောင်းမောင်းနှင်မှု တိုးမြှင့်ခဲ့ရာ တရုတ်နိုင် ငံကို အမျက်ထွက်စေခဲ့ပါတယ်။
မနေ့ကညပိုင်းက အမေရိကန်နဲ့ ကနေဒါစစ်သင်္ဘောတွေ ဖြတ်သန်းမောင်းနှင်မှုကို စောင့်ကြည့်ခဲ့ရာ အ ခြေအနေက ပုံမှန်သာဖြစ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ကို လက်အောက်ခံနယ်မြေတစ်ခုအဖြစ် တစ်နေ့မှာ သိမ်းယူမယ်လို့ဆိုတဲ့ တရုတ်နိုင်ငံဟာ မကြာ သေးမီနှစ်တွေအတွင်း ဆက်ဆံရေး ကျဆင်းလာခဲ့တာကြောင့် ထိုင်ဝမ်အပေါ် စစ်ရေးနဲ့ နိုင်ငံရေးဖိအားပေးမှု အ ရှိန်မြှင့်ခဲ့ပါတယ်။
စက်တင်ဘာလအတွင်း တရုတ်နိုင်ငံဟာ တစ်ရက်အတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်သို့ စစ်လေယာဉ် ၁၀၃ စင်း စေလွှတ်ခဲ့ရာ စံချိန်တင်ခဲ့တယ်လို့ ထိုင်ဝမ်က ပြောပါတယ်။
ကိုးကား – AFP
Ref; China on alert after US, Canadian ships cross Taiwan Strait