
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်
မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ယူကရိန်းကျူးကျော်စစ် ဆက်လက်ဆင်နွှဲ နိုင်ဖို့ ဒုံးကျည်အမျိုးမျိုး ထောက်ပံ့ပေးခဲ့ဖွယ်ရှိတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးရဲ့ ပြောကြားချက်အရ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားသို့ အမည်မဖော်ပြတဲ့ တာတိုပဲ့ထိန်းဒုံးကျည်တွေ၊ တင့်ဖျက်ဒုံးကျည် တွေ၊ ဝေဟင်ခွင်းဒုံးကျည်တွေအပြင် ရိုင်ဖယ်တွေ၊ ဒုံးပစ်လောင်ချာတွေ၊ မော်တာတွေနဲ့ အမြောက်ကျည်တွေ ပေး ပို့ခဲ့တယ်လို့ သံသယရှိရကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
အမေရိကန်နိုင်ငံနဲ့ လုံခြုံရေးဆိုင်ရာ တင်းမာမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ဖြစ်ပွားတဲ့ ပြည်တွင်း အ ခက်အခဲတွေကြောင့် မြောက်ကိုရီးယားဟာ ရုရှား၊ တရုတ်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ တွန်းအားပေးနေ တယ်။
မြောက်ကိုရီးယားရဲ့ ရုရှားထံ ခဲယမ်းမီးကျောက်နဲ့ စစ်လက်နက်တွေ ထောက်ပံ့မှုကို တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့က ပြီးခဲ့တဲ့လအတွင်း အပြင်းအထန် ရှုတ်ချခဲ့ပြီး ယင်းသို့ လက်နက်တွေ ထောက်ပံ့တာဟာ ယူကရိန်းစစ်ပွဲမှာ လူသေဆုံးမှု မြင့်တက်စေနိုင်တယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ရန်သူတွေဟာ မြောက်ကိုရီးယား-ရုရှားဆက်ဆံရေးကို ထိခိုက်စေလိုတဲ့ ပထဝီနိုင်ငံ ရေး အကျိုးစီးပွားတွေရှိတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆန်ဟွေက ပြောပါတယ်။
ဩဂုတ်လနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံဟာ သင်္ဘောတွေ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့ အမြောက်ကျည်ဆံ ၁ သန်းကျော်ကို ရုရှားထံ ပေးပို့ခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက နိုဝင် ဘာလ ၁ ရက်မှာ လွှတ်တော်အမတ်တွေကို ရှင်းပြခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ ခဲယမ်းမီးကျောက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ မြောက်ကိုရီးယားက လက်နက်စက်ရုံ တွေ စွမ်းအားပြည့် လည်ပတ်နေပြီး အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားက သူလျှိုဂြိုဟ်တုတစ်လုံး လွှတ်တင် နိုင်ဖို့ ရုရှားက နည်းပညာအကူအညီ ပေးနေတယ်လို့ တောင်ကိုရီးယားက ယုံကြည်ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားထံမှ နျူကလီးယားဆိုင်ရာ နည်းပညာတွေ၊ ဂျက်တိုက်လေယာဉ်နဲ့ လေ ကြောင်းရန်ကာကွယ်ရေးစနစ်တွေ အလိုရှိနေတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ကိုးကား – Fox News
Ref; North Korea believed to be supplying Russia with missiles for Ukraine offensive, South Korea says