ဧရာ၀တီတိုင်းမ်
‌နိုင်၀င်ဘာလ ၃ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ မြောက်ဘက်ရှိ ချပ်သင်းရွာမှ နယ်မြေရဲစခန်းကို ယမန်နေ့ နို၀င်ဘာ ၂ ရက် နံနက်ပိုင်းတွင် ဒေသကာကွယ် PDF ပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက် တိုက်ခိုက်မီးရှို့ ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နို၀င်ဘာ ၂ ရက် နံနက် ၄ နာရီခန့်တွင် ကန့်ဘလူခရိုင်တပ်ရင်း-၂ နှင့်အတူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖများပူးပေါင်း၍ ချပ်သင်းနယ်မြေရဲစခန်းကို ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ များထံက သိရသည်။

“တိုက်ပွဲကြာချိန်က တစ်နာရီပဲကြာတယ်။ ထွက်ပြေးကုန်တာ။ အထိုင်တပ်စခန်းကနေ လက်နက်ကြီးတွေ ကူပစ်နေတော့ သူတို့ပြေးချိန်ရတာပေါ့။ အချိန်ဆွဲ မနေဘဲ စခန်းမီးရှို့ဖျက်ဆီးခဲ့တယ်” ဟု ကန့်ဘလူ PDF တပ်ဖွဲ့၀င် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါချပ်သင်းရဲစခန်းသည် ရဲတပ်ဖွဲ့၀င်အနည်းငယ်၊ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအဖွဲ့၀င်များ နေထိုင်သည့် နေရာဖြစ်ပြီး စစ်ကောင်စီအထိုင်တပ်စခန်းနှင့် နေရာအနည်းငယ်သာကွာပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များက ၎င်းရဲစခန်းကို ကာကင်း အနေဖြင့် အသုံးပြုသည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရရှိသူများနှင့် သေဆုံးသူ များကို ၎င်းတို့အထိုင်ချရာ တပ်စခန်းသို့ သယ်ဆောင်သွားသည့်အတွက် PDF ပူးပေါင်း အဖွဲ့များက စခန်းအတွင်းရှိ လက်နက်ခဲယမ်းအနည်းငယ်ကိုသိမ်းယူ၍ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းချပ်သင်းကျေးရွာသည် စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုး၀င်ရောက် မီးရှို့ဖျက်ဆီးမှုများပြုလုပ်သည့်အတွက် နေထိုင်သူဒေသခံ အနည်းငယ်သာရှိပြီး အများစုမှာ စစ်ရှောင်နေရပြီး ရွာထဲသို့ မိမိပိုင်ပစ္စည်းများ ၀င်ယူခြင်းကို စစ်ကောင်စီက ခွင့်မပြုကြောင်း သိရသည်။

“ရွာထဲကို ပစ္စည်း၀င်ယူပြီး ပြန်ထွက်တာကို လက်မခံဘူး။ အ၀င်ပဲရတယ် အထွက် မရဘူး။ ဒီနေ့တိုက်ပွဲဖြစ် တာကလည်း ရွာထဲက ရွာသားတွေကို လူသားဒိုင်းလုပ်ပြီး ခေါ်ထားလို့ သူတို့ကို၀င်ကယ်ရင်း တိုက်ပွဲဖြစ် တာလို့ သိရတယ်”ဟု ကန့်ဘလူဒေသခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အလားတူ ယနေ့ နို၀င်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပင် စစ်ကိုင်းတိုင်း မုံရွာ-အမြင့်လမ်းပိုင်းရှိ ညောင်ပင် သာရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသ ကာကွယ်တပ်များက ၀င်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးခဲ့ကြောင်းနှင့် ဖောင်းပြင် ရေအောက်တောင်းရှိ စစ်အုပ်စုစခန်းကိုလည်း နို၀င်ဘာ ၁ ရက်နေ့ကတည်းက တိုက်ခိုက်ကာ အပြင်စည်းအထိ သိမ်းပိုက်ထား နိုင်ကြောင်း သိရသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစသည့် နေ့ကတည်းက စစ်ကိုင်းအတွင်းရှိ ထီးချိုင့်၊ ကောလင်း၊ ဖောင်းပြင်၊ ကန့်ဘလူ၊ ချပ်သင်းတို့တွင်လည်း ဆိုင်ရာဒေသ ကာကွယ်ရေးတပ်ဖွဲ့များက စစ်ဆင်ရေးဖော်ဆောင်၍ တော်လှန်ရေးကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သိရသည်။

#စစ်ကိုင်း #ကန့်ဘလူ #ချပ်သင်းရဲစခန်း #PDF# ပကဖသိမ်းပိုက် #ကန့်ဘလူခရိုင်တပ်ရင်း၂ #Ayeyarwaddy_Times