ဧရာဝတီတိုင်းမ်
(မတူပီ)၊ နိုဝင်ဘာလ ၂ ရက်

မတူပီ-ဟားခါးလမ်းပိုင်းတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။

မတူပီမြို့ပေါ်နေ ဒေသခံများ ခရီးသွားလာခွင့်ကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ ရက်အကန့်မရှိ ပိတ်ပင်လိုက်ကြောင်း သိရပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ထိန်းချုပ်ထားသော နယ်မြေများတွင် ဒေသခံများ လွတ်လပ်စွာ သွားလာနိုင်ကြောင်းသိရသည်။

“မတူပီမြို့ပေါ်ကနေ လိုင်းကားနဲ့ ကုန်တင်ယာဥ်ပြေးဆွဲတာကို ပိတ်တာလို့ သိရတယ်။ ပြီးတော့ မြို့ထဲမှာနေတဲ့ ဒေသခံတွေကိုလည်း မြို့ပြင်မထွက်ခိုင်းဘူးပြောတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း မြို့ထဲသွားဖို့ ကြောက်နေတယ်” ဟု မတူပီမြို့၊ ကီလှုမ်းကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

မြို့ပေါ်နေ ဒေသခံများအား ခရီးသွားလာခွင့် ပိတ်ပင်မှုကို စစ်ကောင်စီတပ်က တရားဝင်ထုတ်ပြန်ထားခြင်းမရှိကြောင်းသိရပြီး အဆိုပါခရီးသွားလာခွင့် တားမြစ်ခြင်းနှင့်ပတ်သက်၍ မြို့ပေါ်နေဒေသခံအများစုက မသိကြကြောင်း ပြောကြားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)နှင့် စစ်ကောင်စီတပ်တို့အကြား မကြာခဏတိုက်ပွဲဖြစ်ပွားခြင်းကြောင့် ကားလမ်းများ မကြာခဏပိတ်ပင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းတို့ကြောင့် မတူပီမြို့တွင် ကုန်စည်ပြတ်လပ်မှုများ မကြာခဏကြုံတွေ့နေရပြီး ကုန်ဈေးနှုန်းများလည်း အဆမတန် မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-မတူပီမြို့

#မတူပီ #ဟားခါးလမ်း #တိုက်ပွဲဖြစ်ပွားခြင်းကြောင့် #ဒေသခံများခရီးသွားလာခွင့် #စစ်ကောင်စီပိတ်ပင်
#Ayeyarwaddy_Times