ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်

အာဏာသိမ်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အမျိုးသမီး ၁၆ ဦး သေဆုံးခဲ့ပြီး ထောင်ဒဏ်ချမှတ်ခြင်းခံရသူအမျိုးသမီးအရေအတွက် ၁၄ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရေးအသင်း(AAPP) ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူများတွင် စစ်ကောင်စီ၏လက်နက်ကြီးထိမှန်သေဆုံးခြင်း၊ အကြောင်းမဲ့ သေနတ်ဖြင့်ပစ်သတ်ခံရခြင်း၊ မြေမြုပ်မိုင်းကြောင့်သေဆုံးခြင်း၊ ဖမ်းဆီးခံရစဉ် သေဆုံးခြင်းများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့များ၏ လည်ပင်းညှစ်သတ်မှုကြောင့် သေဆုံးရခြင်းများလည်း ပါဝင်ခဲ့ကြောင်း Burmese Women’s Union အစီရင်ခံစာအရသိရသည်။

“ကျွန်မတို့နိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်အချိန်ကတည်းက တိုင်းရင်းသား ဒေသတွေမှာ ပြည်တွင်းစစ်တွေရှိတယ်။ စစ်ပွဲတွေ၊ ပဋိပက္ခတွေရှိခဲ့တယ်။ အခုနွေဦးတော်လှန်ရေးကာလမှာလဲ နေရာမျိုးစုံကတော်လှန်နေကြတယ်ပေါ့နော်။ ဒီအထဲမှာ အမျိုး‌သမီးတွေအများကြီးရှိတယ်။ စစ်တပ်ကသူတို့ရှုံးလာလေ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်ပြီး ဒါကိုလက်နက်သဖွယ် အသုံးပြုလာတယ်။ ဖမ်းဆီးခံရတဲ့အခါတွေမှာလည်း ရဲတွေဘက်က ပြောတာရှိတယ်။ မင်းမလိမ္မာရင် မင်းရဲ့ကောင်မလေးကို ဖမ်းလိုက်မယ်ဆိုတာမျိုးပေါ့။ စစ်တပ်ကဒီလိုပုံစံမျိုးတွေနဲ့လည်း အမျိုးသမီးတွေကို လက်နက် တစ်ခုလိုအသုံးပြုနေကြတယ်” ဟု Generation Wave ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ မလင်းလက်ဆူးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် အောက်တိုဘာလအတွင်း လူမှုကွန်ယက်တွင်စစ်ကောင်စီကိုဝေဖန်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့ခြင်း စသည်စွပ်စွဲချက်များနှင့် အကြောင်းမဲ့ ဖမ်းဆီးမှုများကြောင့် ဖမ်းဆီးခံရသူ အမျိုးသမီးအရေအတွက် ၁၇ ဦးအထိရှိခဲ့ပြီး နိုင်ငံ တဝန်း စစ်ကောင်စီ လက်အောက်ခံတရားရုံးများမှ ထောင်ဒဏ်ချမှတ်ခြင်းခံရသူ အမျိုး သမီး ၁၄ ဦးရှိကြောင်းလည်း သိရသည်။

စစ်ကောင်စီကအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ယခု အောက်တိုဘာလကုန်အထိ ၂ နှစ်ကျော်ကြာကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက် မှုများကြောင့် သေဆုံးသူအမျိုးသမီးအရေအတွက် ၆၃၀ ဦးခန့်ရှိပြီး ဖမ်းဆီးခံရသူ အရေအတွက် ၅၀၇၃ ဦးခန့်ရှိကြောင်း AAPP ထံကသိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ-ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ဖမ်းဆီးနေသည့် အမျိုးသမီးတစ်ဦးကိုတွေ့ရစဉ် (ပုံဟောင်း)

#အောင်တိုဘာ #သတ်ဖြတ်ခံရ #အမျိုးသမီး၁၆ဦး #ဖမ်းဆီးခံရ #Ayeyarwaddy_Times