ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ရှားခဲတိုက်နယ်အဝင်ရှိ လျှပ်စစ်ဆက်စပ်ပစ္စည်းဆိုင်ရှင်တစ်ဦးကို တော်လှန်ရေးအဖွဲ့ ထံ ထောက်ပို့သည်ဟု အကြောင်းပြ၍ စစ်ကောင်စီဆိုင်ရှင်ကို ဖမ်းဆီးရန်ကြိုးပမ်းရာမှ နေအိမ်နှင့်ဆိုင်ခန်းကို ချိတ်ပိတ်၍ စပါးခင်း ၁၀ ဧကကို သိမ်းဆည်းသွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဟင်္သာတမြို့နယ် ရှားခဲတိုက်နယ်ကျေးရွာရှိ အဝင်ရှိ လျှပ်စစ်ဆက်စပ်ပစ္စည်း အရောင်းဆိုင်ရှင်ဖြစ်သူ အသက်၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ အောက်တိုဘာလ ၂၉ ရက်နေ့က လာရောက်ဖမ်းဆီးရာ နေအိမ်တွင် မတွေ့သည့်အတွက် နေအိမ်နှင့် ဆိုင်ခန်းကို ချိတ်ပိတ်ကာ စပါးခင်း၁၀ ဧက ကို သိမ်းဆည်းသွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

” ဆိုင်ကလျှပ်စစ် ပစ္စည်းအရောင်းဆိုင်အကြီးကြီးပါ ။အဲဒီဆိုင်ရှင်ကိုPDF အဖွဲ့ထောက်ပို့ဆိုပြီး လာဖမ်းတာ။ မတွေတော့ဆိုင်နဲ့ အိမ်ပါချိတ်ပိတ်လိုက်တယ်။ ပြီးတော့စပါးခင်းတွေပါ ရိတ်ပြီးသိမ်းသွားတယ်” ဟုဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ နေအိမ်နှင့်ဆိုင်ခန်း ချိတ်ပိတ်ခဲ့ပြီးနောက် ဆိုင်ရှင်နှင့် မိသားစုကို ဖမ်းဆီးနိုင်ရန်အတွက် ရပ်ကွက်အတွင်းရှိ စစ်ကောင်စီသတင်းပေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို စစ်ကောင်စီတပ်ဖွဲ့မှ ညွှန်ကြားမှုရှိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များထံက သိရှိရသည်။

”အိမ်နဲ့ဆိုင်ကိုချိတ်ပိတ်ပြီးပေမဲ့ လူမမိတော့စောင့်ကြည့်ဖို့ခိုင်းသွားတယ်။ လူတွေက အကုန်ရှောင်သွားတာ ဘယ်လိုလုပ်ပြန်လာတော့မှာလဲ။ တမင်တကာအလုပ်မရှိအလုပ်ရှာခိုင်းခံနေရတာ”ဟု ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ဟင်္သာတမြို့နယ် ရှားခဲတိုက်နယ်ကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း တော်လှန်ရေးအဖွဲ့အစည်းများကို ထောက်ပို့သည်ဟုဆိုကာ ဒေသခံလျှပ်စစ်ဆက်စပ်ပစ္စည်း အရောင်းဆိုင်ရှင်တစ်ဦးနှင့် လူငယ် ငါး ဦးထက်မနည်းကို စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီး၍ အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

#ရှားခဲ #လျှပ်စစ်ဆက်စပ်ပစ္စည်း #ဆိုင်ရှင် #တော်လှန်ရေးအဖွဲ့ #ထောက်ပို့ပြုလုပ်သည် #နေအိမ်နှင့်ဆိုင်ခန်း #ချိတ်ပိတ် #စပါးခင်း၁၀ဧကကိုပါသိမ်း #Ayeyarwaddy_Times