ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ နိုဝင်ဘာလ ၂ ရက်

ပဲခူးတိုင်း၊ ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက ပြီးခဲ့သည့်အောက်တိုဘာ ၃၁ ရက်နေ့က လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် ဒေသခံ တစ်ဦးသေဆုံးခဲ့ရပြီး နှစ် ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့က ကညွတ်ကွင်းအခြေစိုက် ခမရ-၄၃၉ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံများနေထိုင်ရာသို့ ၁၅၅-မမ လက်နက်ကြီး လေးလုံးဖြင့်ပစ်ခတ်ခဲ့ရာ ပျဉ်းမပင်ကျေးရွာအတွင်း တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၇ နှစ်အရွယ်နော်ဒါးဖောမှာ ညာဘက်ဒူးဆစ်ပြတ်ထွက်ကာ သေဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ ၁၅၅-မမဟောင်၀စ်ဇာ လက်နက်ကြီး နှစ်လုံးမှာရေလဲ (အရှေ့ဘက်ခြမ်း) ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၂၀ နှစ်အရွယ်နော်အယ်စေးမှာ ဘယ်ဘက်ပေါင်နှင့် ခြေသလုံးထိမှန်ဒဏ်ရာရခဲ့ပြီး အသက် ၉ နှစ်အရွယ် နော်စေး လာဝါးမှာ ညာဘက်လက်ညှိုး ကျည်စထိမှန်ကာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ ကြောင်းလည်း သိရသည်။

“တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးတွေနဲ့ပစ်တယ်။ လေယာဉ်တွေနဲ့ လိုက်ရမ်းပစ်နေတယ်။ မြေပြင်မှာတိုက်ပွဲဖြစ်တာမဟုတ်ဘဲ လေယာဉ်နဲ့လာပစ်နေတာ” ဟု ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အဆိုပါရက်အတွင်း၌ပင် စစ်ကောင်စီက Mi-35 ရဟတ်ယာဉ်ဖြင့် ရေလဲ (အရှေ့ဘက်ကမ်း)ရွာ၊ ရေလဲ(အနောက်ဘက်ကမ်း)ရွာများအပြင် စစ်တောင်းမြစ် ကမ်းတစ်လျှောက်ရှိ သောင်ကြီးရွာ၊ ဝက်တူးရွာ၊ ကျီးပင်ပေါက်ရွာ၊ ပျဉ်းမပင်ရွာ၊ ကင်မွန်းချုံရွာ၊ ငတိုးခင်ရွာ၊ သင်္ကန်းပင်ရွာများတစ်လျှောက် အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ယခုကဲ့သို့ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်တောင်း မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ၅,၂၃၈ ဦးမှာ စစ်ဘေး ရှောင်တိမ်း နေရကြောင်း ကရင်အမျိုးသားအစည်းအရုံးထံက သိရသည်။

ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး။
#ညောင်လေးပင်ခရိုင် #မုန်းမြို့နယ် #စစ်ကောင်စီလေကြောင်းတိုက်ခိုက် #လက်နက်ကြီးပစ် #KNU #Ayeyarwaddy_Times