
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၂ ရက်
ကိုးကန့် (MNDAA) ၊ တအာင်း (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ၇ ရက်မြောက်တွင် မြို့လေးမြို့ကို အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ တပ်စခန်း ၁၀၀ ကျော်ကိုလည်း သိမ်းဆည်းထားနိုင်ကြောင်း ယနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ရှမ်မ်းပြည်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ သိန္နီ၊ ဖောင်းဆိုင်နှင့် ကြူကုတ်-ပန်ဆိုင်း စသည့်မြို့များကို ညီနောင်မဟာမိတ်အဖွဲ့က အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်စခန်း ၁၀၀ ကျော်အပြင် သံချပ်ကာ ခြောက် စီးနှင့် လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ နို၀င်ဘာ ၂ ရက်နေ့တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်း ဒေသရှိ စစ်ကောင်စီ စစ်စခန်းနှစ်ခုကို MNDAA တပ်က အပြီးသတ်ထိန်းချုပ်ချေမှုန်းနိုင်ခဲ့ပြီး တအာင်း တပ်မတော် TNLA နှင့် မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့က နောင်ချိုမြို့နယ် ရွှေညောင်ပင် ကျေးရွာနှင့် အုမ္မတီးကျေးရွာကြားတွင် စခန်းချထားသော စစ်ကောင်စီတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တအာင်းတပ်မဟာ (၁)စစ်ဒေသရှိ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီ၏ ရဲကင်းကိုလည်း သွားရောက်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ယနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ကိုးလုံးကြချတိုက်ခိုက် ခဲ့ခြင်းကြောင့် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံး၍ နေအိမ်သုံးလုံးပျက်စီးခဲ့ပြီး ကာလိုင် ဈေးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- Operation 1027 3BHA
ပုံစာ- ကွတ်ခိုင်မြို့၊ ကာလိုင်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးမှုမြင်ကွင်း
#ညီနောင်မဟာမိတ်သုံးဖွဲ့ #၁၀၂၇စစ်ဆင်ရေး #၇ ရက်မြောက် #မြို့လေးမြို့ထိန်းချုပ် #တပ်စခန်း၁၀၀ကျော်သိမ်းပိုက် #Ayeyarwaddy_Times