ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်

ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။

(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် အောက်တိုဘာ ၁၆ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)

ရှမ်းပြည်မြောက်ပိုင်းတွင် ကိုးကန့် (MNDAA) ၊ တအာင်း (TNLA) နှင့် ရက္ခိုင်တပ်တော် (AA) မဟာမိတ်ညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကြေညာ၍ စစ်ကောင်စီတပ်နှင့် စခန်းသိမ်းတိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး ဇုန်နှစ်ခုတွင် လုပ်ငန်းများရပ်နားထားကြောင်း စုံစမ်းသိရသည်။

လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေ၍ တရုတ်နိုင်ငံဘက်ကသွင်းယူရသည့် ကုန်ကြမ်း ပစ္စည်းများအပါအဝင် ကုန်ပစ္စည်းများဝင်ရောက်မှုကြန့်ကြာနိုင်သဖြင့် ကုန်စည်အချို့ ဈေးတက်နိုင်ကြောင်း စျေးကွက်အတွင်းက သိရသည်။

ထို့ပြင် တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်ရာ လမ်းကြောင်းများ ပြတ်တောက်နေ၍ ရှမ်းမြောက်ဒေသတွင် စားသောက်ကုန်များ ရုတ်တရက် စျေးနှုန်းမြင့်တက်မှုများ ရှိကြောင်း သိရသည်။

စစ်ကောင်စီက တိုးမြှင့်ပေးသည့် ထောက်ပံ့ကြေး သုံးသောင်းကျပ်ကို စစ်ကောင်စီတပ်သားများ၊ Non CDM ဝန်ထမ်းများ၊ ဌာနဆိုင်ရာနေ့စားဝန်ထမ်းများ ရရှိပြီး အထည်ချုပ်စက်ရုံအလုပ်သမားအနေဖြင့် တစ်ရက်လုပ်ခတိုးရသည့် ကျပ်တစ်ထောင်ကို အောက်တိုဘာလကုန်တွင်မှ စတင်ရရှိမည်ကြောင်း အထည်ချုပ်စက်ရုံအလုပ်သမားများ ထံက သိရသည်။

ယခုသီတင်းပတ်အတွင်း နိုင်ငံခြားငွေလဲနှုန်း၊ ဒေါ်လာဈေး၊ စက်သုံးဆီဈေးနှုန်း များတည်ငြိမ်ပြီး စားဖိုဆောင်သီးနှံတချို့နှင့် ကုန်စိမ်း (ဟင်းသီး၊ဟင်းရွက်) ဈေးမြင့် တက်နေကြောင်း ရန်ကုန်မြို့‌ခံများထံက သိရသည်။

#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ အရောင်းအဝယ် ပြုလုပ်ပေး လျက်ရှိပြီး ဘဏ်သတ်မှတ်ဈေးမှာ အမေရိကန်တစ်ဒေါ်လာ ၂၉၃၂ ကျပ် ဖြစ်ပြီး ပြင်ပပေါက်ဈေး တစ်ဒေါ်လာ ၃၂၀၀ ကျပ်ဝန်းကျင်ရှိ၍ ငွေလဲနှုန်းကွာဟချက် ကျဉ်းမြောင်းလာသည်ကို တွေ့ရသည်။

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးသည် အောက်တိုဘာ ၁၆ ရက်နေ့တွင် ကျပ် ၃၃၀၀ ဝန်းကျင်ရှိရာမှ နိုဝင်ဘာ ၁ ရက်နေ့တွင် ကျပ် ၃၂၁၀ ရှိ၍ အနည်းငယ်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။

ထို့ပြင်ထိုင်းဘတ်ငွေဈေးလည်း ကျဆင်းလာရာ အောက်တိုဘာ ၁၆ ရက်နေ့တွင် ထိုင်းတစ်ဘတ် ၉၇ ကျပ်ရှိရာ အောက်တိုဘာ ၃၁ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၉၀ ကျပ်ဖြင့် နှစ်အပတ်အတွင်း ခုနစ်ကျပ် ဈေးကျလာကြောင်းတွေ့နေရသည်။

#တရုတ်ယွမ်စျေးကျ

” ငွေဈေးကျတယ်။ အခုတိုက်ပွဲဖြစ်နေတော့ မူဆယ် တရုတ်နယ်စပ်ဇုန်မှာ အရောင်း အဝယ်မရှိတော့ ဒေါ်လာနဲ့ ယွမ်ဈေးကျတယ်။ ဒီဘက်မှာ ယွမ်ဈေးပိုကျတယ် ” ဟု ကုန်သည်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့်‌အောက်တိုလာလအစတွင် တရုတ်ယွမ်ဈေးသည် တစ်ယွမ်လျှင် ၄၆၀ ကျပ်ရှိခဲ့ပြီး အောက်တိုဘာ ၁၆ ရက်နေ့တွင် တစ်ယွမ် ၄၂၇ ကျပ်မှ အောက်တိုဘာ ၃၁ ရက်နေ့တွင် ၄၂၅ ကျပ်နှုန်းရှိကြောင်း နိုင်ငံခြားငွေလဲလှယ်ရေးဝန်ဆောင်ရေးလုပ်သူထံက သိရပြီး တရုတ်နယ်စပ်တွင် ယခုထက်ပိုမို ကျဆင်းနိုင်သည်။

#ပြည်တွင်းရွှေဈေးနှုန်း

ကမ္ဘာ့ရွှေဈေးနှုန်ကျဆင်းသော်လည်း ပြည်တွင်းရွှေနှုန်းကသိသာထင်ရှားစွာ ဈေးကျဆင်း လာခြင်းမရှိဘဲ ယခုကာလတစ်လျှောက် အကယ်ဒမီအခေါက်ရွှေဈေးသည် ၃၄ သိန်းကျော်ရှိပြီး ရွှေစျေးနှုန်း မာလျက်ရှိသည်။

အကယ်ဒမီခေါက်ရွှေဈေး တစ်ကျပ်သားလျှင် အောက်တိုဘာ ၁၆ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင်ကျပ် ၃၄ သိန်းကျော် ရောက်ရှိခဲ့ပြီး အောက်တိုဘာ နောက်ဆုံးအပတ်တွင်လည်း ၃၄ သိန်း ကျော်ကြားရှိပြီး နှစ်ပတ်အတွင်း ငါးထောင်ကျပ်သာ လျော့ ကြောင်းဈေးကွက်အတွင်းက စုံစမ်းသိရသည်။

#ပြည်တွင်းစက်သုံးဆီဈေးနှုန်း

ပြည်တွင်းစက်သုံးဆီဈေးသည် ယခုနှစ်ပတ်အတွင်းဈေးငြိမ်နေကာ တစ်လီတာလျှင် ကျပ် ၁၀၀ မှ ၂၀၀ ကြားဈေးနှုန်းအပြောင်းအလဲရှိပြီး အနည်းငယ် မြင့်တက်နေ ကြောင်းသိရသည်။

အောက်တိုဘာ ၁၆ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ၂၀၁၅ ကျပ် ၊ ၉၅ တစ်လီတာလျှင် ၂၁၁၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၇၅ ကျပ် နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၂၅၅ ကျပ်ရှိကြောင်း သိရသည်။

ယခုအောက်တိုဘာလကုန် ၃၁ ရက်နေ့တွင် စက်သုံးဆီဈေးနှုန်းတွင် ၉၂ တစ်လီတာလျှင် ၂၀၈၀ ကျပ် ၊ ၉၅ တစ်လီတာလျှင် ၂၁၉၀ ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၅၅ ကျပ် နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၃၄၀ ကျပ်ရှိကြောင်း သိရသည်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

အခြေခံစားသောက်ကုန် ဆန်နှင့် ဆီဈေးနှုန်းများကို စစ်ကောင်စီသတ်မှတ်နှုန်းထား အတိုင်းရောင်းချရန် တင်းကျပ်လိုက်ပြီးနောက်တွင် ဈေးကွက်အတွင်း ဆန်ကိုလို အပ်သလိုဝယ်ယူခွင့်ရသော်လည်း စားသုံးဆီကိုမူ သတ်မှတ်ဈေးအတိုင်းရောင်းချသည့် ဆီဆိုင်များတွင်သာ အပြောင်းအလဲမရှိ တန်းစီးဝယ်ယူရကြောင်း သတင်းရရှိသည်။

မိုးလေကင်းလွတ်ကာလ ရောက်ရှိလာပြီး ဆန်စပါး‌ပေါ်သောရာသီချိန်ဖြစ်သည်။ ပြည်တွင်း စားသုံးမှုမြင့်သော ပေါ်ဆန်းအုပ်စုဝင် ဆန်အမျိုးအစားများသည် ကျပ် တစ်သိန်းဝန်းကျင်မှ တစ်သိန်းနှစ်သောင်းအထိရှိပြီး‌ ဆန်ပေါ်ချိန်ဖြစ်သော်လည်း ထက်သလောက် ဆန်ဈေးမကျဘဲ နှစ်ထောင်ကျပ်ဝန်းကျင်သာကျကြောင်း ဆန်ဆိုင် တစ်ခုမှ စုံစမ်းသိရသည်။

ရွှေဘိုပေါ်ဆန်းမွှေး ၁၃၀,၀၀၀ ကျပ်၊ ၊ ဧရာရွှေဘိုပေါ်ဆန်းမွှေတစ်အိတ် ၁၂၅,၀၀၀ ကျပ်၊ ကျားပျံရှယ် ကျပ်နှစ်ထောင်ကျပြီး ယခု ၁၁၈,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ် ၁၀၈,၀၀၀ ကျပ်မှ ၁၀၆,၀၀၀ ကျပ်ရှိသည်။

ယင်းပြင် ပုသိမ်ပေါ်ဆန်းတစ်အိတ် ၉၈၀၀၀ ကျပ်မှ ၉၆၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုး ၉၄၀၀၀ ကျပ်မှ ၉၂၀၀၀ ကျပ်၊ ဆင်းသွယ်ရှယ် ၈၂၀၀၀ ကျပ်၊ ဇီယာရှယ် ၇၂၀၀၀ ကျပ်ရှိကြောင်း ဆန်လက်လီလက်ကားအရောင်းဆိုင်က သိရသည်။

ဩဂုတ်လနောက်ဆုံး အပတ်မှစတင်ကာ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းနှင့် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီ နှစ်ဆယ်ကျော်ပူးပေါင်းပြီး စစ်ကောင်စီ သတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီကို ရောင်းချပေးနေသည်။

ထိုသို့ ရောင်းချပေးနေမှုကြောင့် ရောင်းချရာနေရာများတွင် တန်းစီတိုးကာ ဝယ်ယူနေရဆဲဖြစ်ပြီး လိုသလောက် ဝယ်ယူ၍မရကြောင်း သိရသည်။

ထို့ပြင် နိုင်ငံခြားမှစားအုန်းဆီတင်သွင်းသော ဆီလုပ်ငန်းရှင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ပြည်တွင်းရှိဆီစက်လုပ်ငန်းရှင်များကိုမူ အသေးစား ၊အလတ်စား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် MSME ချေးငွေချပေးလျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီသည် စားအုန်းဆီရည်ညွှန်းဈေးသတ်မှတ်ရာတွင် ယခင်က နှစ်ပတ် တစ်ကြိမ်ဈေးဖြတ်ပြီး ယခုအခါ ငါးရက်တစ်ကြိမ်ဈေးသတ်မှတ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရသိရသည်။

အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ စစ်ကောင်စီသတ်မှတ်ချက် ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း စားအုန်းဆီတစ်ပိဿာလျှင် ၄၅၇၀၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်သည်။

အောက်တိုဘာလအစတွင် စားအုန်းဆီတစ်ပိဿာ ၄၃၀၀ ကျပ်ဝန်းရှိပြီး လအလယ်တွင် ၄၇၂၀ ကျပ်ရှိရာမှ တစ်လအတွင်း ကျပ် ၃၀၀ အတက်၊အကျရှိကြောင်းသိရသည်။

စစ်ကောင်စီက သက်မှတ်ထားသည့် ယင်း ဈေးနှုန်းဖြင့် ရောင်းချနိုင်ခြင်း မရှိသောအရောင်းဆိုင်များတွင် စားအုန်းဆီအရောင်းရပ်ထားရကြောင်း ကုန်စုံဆိုင် ပိုင်ရှင် တစ်ဦးထံက သိရသည်။

#ဟင်းသီးဟင်းရွက်နှင့်စားဖိုဆောင်သီးနှံစျေးမြင့်တက်

ယခုလအတွင်း သိသိသာသာဈေးတက်သွားသော စားသောက်ကုန်တွင် ကုန်စိမ်း ( ဟင်းသီး၊ ဟင်းရွက်) ဈေးပါဝင်ပြီး စားဖိုဆောင်သီးနှံဈေးနှုန်းတချို့လည်း မြင့်တက် လာကာ သား၊ငါးဈေးတည်ငြိမ်ကြောင်းသိရသည်။

လက်ရှိတွင် ကြက်သားတစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငါးကြင်းတစ်ပိဿာ ကျပ် ၁၂၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာ ၁၈၀၀၀ ကျပ်၊ အမဲသားတစ်ပိဿာ ၁၈၀၀၀ ကျပ်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင်သာမက နယ်မြို့များတွင်လည်း ကုန်စိမ်းဈေးနှုန်းမြင့်နေခြင်းဖြစ်သည်။

“ရန်ကုန်မှာတင်မဟုတ်ဘူး။ နယ်မှာလည်းဟင်းသီးဟင်းရွက်ဈေးကြီးတယ်။ အသီး အရွက် စိုက်တဲ့တောင်သူတွေ မရှိသလောက်ဖြစ်နေပြီမို့လို့ ရှားလဲရှား၊ စျေးလဲ ကြီးနေတယ်။ အသားငါးထက်တောင် အသီးအရွက်ဈေးတွေက ပိုကြောက်ဖို့ ကောင်းနေတယ် ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ညည်းတွားပြောဆိုသည်။

အောက်တိုဘာလအတွင်း ဟင်းသီးဟင်းရွက် တစ်စီးလျှင်ကျပ် ငါးရာမှ တစ်ထောင် ကြားရှိပြီး တရုတ်ကန်စွန်းရွက် တစ်စီး ၁၀၀၀ ကျပ် ၊ ဘူးသီးတစ်စိတ် ၁၀၀၀၊ မုန်လာဥနီ တစ်လုံး ၁၀၀၀၊ နံနံပင်နှင့် ပူစီနံတစ်စီး ၅၀၀ ၊ ဟင်းနုနွယ် ၇၀၀ ကျပ်ဖြင့် အသီးအနှံများ အားလုံးဈေးတက်ကြောင်း ရန်ကုန်မြို့ရှိ အိမ်ရှင်မများထံက သိရသည်။

” ဈေးတွေအကုန်တက်နေတော့ ဘာတွေနဲ့ဘယ်လိုစားမလဲ။ တစ်ပတ်တစ်ခါမှ ဈေးသွား ဝာာ။ ဟင်းချက်စရာကို သုံးသောင်းဖိုးပဲဝယ်မယ်ဆိုပြီး ကန့်ထားတာ။ အခုက ပိုထည့်နေရတယ်။ တစ်ပတ်သုံးသောင်းမလောက်တော့ဘူး” ဟု အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင်နှစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာ ၃၅၀၀ ကျပ်မှ ၄၂၀၀ ကျပ်ထိမြင့်တက်၊ ကြက်သွန်ဖြူတစ်ပိဿာ တစ်သောင်းကျပ်မှ ၁၄၀၀၀ ကျပ်၊ အာလူးတစ်ပိဿာ ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိမြင့်တက်လာကြောင်း ညောင်ပင်လေး ဈေးကွက်မှ စုံစမ်းသိရသည်။

#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #အောက်တိုဘာ၁၆မှနိုဝင်ဘာ၁ #Ayeyarwaddy_Times