နွေဦးမောင် /ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ အလဲန့်ဘွမ်တောင်ပေါ် ကျေးရွာများတွင် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရမှုများ ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် အလဲန့်ဘွမ်တောင်ပေါ်သို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်မှာ အောက်တိုဘာ ၃၁ ရက်နေ့ ညပိုင်းကတည်းကဖြစ်ပြီး ယနေ့ နိုဝင်ဘာ ၂ ရက်နေ့အထိ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

“အလဲန့်ဘွမ်တောင်ပေါ်က လူနေရပ်ကွက်တွေကို လေယာဥ်တွေနဲ့ ဗုံးလာကြဲနေတာ ၃ ရက်ရှိပြီ။ မနေ့ည(နိုဝင်ဘာ၁ရက်နေ့)အထိကတော့ ကလေးငယ်တွေအပါဝင် ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာရထားတယ်” ဟု မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်ရှိ ၎င်းတို့၏ ဂန်ဒေါင်ယန်စခန်း အသိမ်းခံရပြီးနောက် အလဲန့်ဘွမ်တောင်ပေါ် ကျေးရွာများကို လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ဒီမနက်ပိုင်း ကတော့ ထိခိုက်မှု့အခြေနေတွေ မသိရသေးဘူး။ မနေ့ကတည်းက စစ်ကောင်စီတပ်တွေ လေယာဥ်နဲ့ ဗုံးလာကြဲထားလို့ ဒေသခံပြည်သူတွေကို အပြင်မထွက် ဖို့နဲ့ ခရီးသွားလာမှု နယ်မြေတွေ ကန့်သတ် တာတွေလုပ်ဆောင်ထားတယ်။ စစ်ကောင်စီရဲ့ လေယာဥ်ဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်တွေကိုလည်း ကာကွယ်နိုင်ဖို့ ကြိုတင်စီစဥ် ဆောင်ရွက်ထားတာတွေရှိတယ်” ဟု မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို အောက်တိုဘာနောက်ဆုံးပတ်မှ စတင်၍ KIA ၊ AA TNLA ၊ MNDAA နှင့် PDF တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် စခန်းပေါင်း ၁၀၀ ခန့်အထိ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ပုံစာ- စစ်ကောင်စီက လိုင်ဇာမြို့အနီးရှိ အလဲန့်ဘွမ်တောင်ပေါ်ကျေးရွာများသို့ လေယာဉ်ဖြင့် ဗုံးကြဲစဉ်
#စစ်ကောင်စီ #လိုင်ဇာအနီးအလဲန့်ဘွမ်တောင်ပေါ်ကျေးရွာများ #လေယာဥ်ဖြင့်ဗုံးကြဲ #ဒေသခံများထိခိုက် #Ayeyarwaddy_Times