ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ နိုဝင်ဘာလ ၂ ရက်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပုဝါနီ စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၈၀ ဝန်းကျင်သေဆုံးခဲ့ပြီး ၃၄ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထံကသိရသည်။

ပုဝါနီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များသည် ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာ များတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ကြားဖြတ် တိုက်ခိုက်ခြင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့များကို သွားရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး စစ်ကြောင်းမှူး နှစ် ဦးအပါအဝင် တပ်သား ၈၀ ကျော် သေဆုံးခဲ့ခြင်းဖြစ်သည်။

“စစ်ကြောင်းမှူးအပါအဝင် ရန်သူဘက်က ကျဆုံးတာ ခလရ-၈၄ နဲ့ပူးပေါင်းအဖွဲ့ကလို့ သိထားရပါတယ်။ အခုဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ တောက်လျှောက်ကတော့ သူတို့ဘက်က ထိုးစစ်ဆင်လာတာပိုများပါတယ်။ ကျွန်တော်တို့ကလည်း စိုးမိုးနယ်မြေ ချဲ့တဲ့အခါမှာ သူတို့ကလည်း မြို့တွေ၊ ခံတပ်တွေကို ကာတဲ့အနေနဲ့ ရှေ့ထွက် စစ်ကြောင်းတွေ ထွက်ထွက်လာတာပါ။ အဲ့ဒီတော့ ကျွန်တော်တို့က ယူထားတဲ့ ကာကင်းအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ကြတာပါ” ဟု အမှတ် ၂ စစ်ဒေသ၊ ပြန်ကြားရေးတာဝန်ရှိသူစောဒိုရှင်း က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိတွေ့တိုက်ပွဲအတွင်း ပုဝါနီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲ‌ဘော် နှစ် ဦးကျဆုံးခဲ့ရပြီး လေးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ တိုက်ပွဲအတွင်း RPG များ၊ ၆၀-မမ ဗုံးသီးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“အခုလက်ရှိအချိန်အထိ စစ်ကောင်စီဘက်က အင်အားတွေထပ်တိုးလာတယ်။ အတည်မပြုနိုင်တဲ့သတင်းတွေအရ ပျူတွေ၊ စစ်မှုထမ်းဟောင်းတွေ အသုံးပြုပြီး အင်အားတွေ ထပ်ဖြည့်လာတယ်လို့ သိရတယ်။ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီ ဘက်က ပစ်လိုက်တဲ့ အာပီဂျီ အမျိုးသားတစ်ဦးရဲ့ခေါင်းကိုထိမှန်ပြီး သေဆုံးသွားတာ ရှိတယ်” ဟု အမှတ် ၂ စစ်ဒေသ၊ ပြန်ကြားရေး တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ထို့ပြင် တိုက်ပွဲများအတွင်း စစ်ကောင်စီကလက်နက်ကြီးများပစ်ခတ်ခြင်း နှင့် လေကြောင်း တိုက်ခိုက်မှုများ အများအပြား ပြုလုပ်ခဲ့၍ ဒေသခံတစ်ဦးသေဆုံးကာ နေအိမ် နှစ် လုံးပျက်စီးခဲ့ပြီး ဒေသခံ ၅၅၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ – NUG၊ ကာကွယ်ရေးဝန်းကြီးဌာန

#ရေတာရှည် #အောက်တိုလတစ်လတာတိုက်ပွဲ #စစ်ကြောင်းမှုးသေဆုံး #စစ်ကောင်စီ #PDF #Ayeyarwaddy_Times