
ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ နိုဝင်ဘာလ ၂ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် နတ်သံကွင်းမြို့နယ်များတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)က ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်ရန် ကြိုးစားနေပြီး ပြည်သူများအနေနှင့်လည်း စစ်ကောင်စီနှင့်ပူးပေါင်းခြင်း၊ ပါဝင်ပတ်သက် ခြင်းမပြုဘဲ ပြည်သူအုပ်ချုပ်ရေးတွင် ပါဝင်ကြရန် ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်က ထုတ်ပြန်ခဲ့သည်။
ကျောက်ကြီးနှင့် နတ်သံကွင်းမြို့များတွင် ပြည်သူ့အုပ်ချုပ်ရေးအကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်သည့်အတွက် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ရဲ၊ မီးသတ်၊ အုပ်ချုပ်ရေးမှူး၊ စာရင်းစစ်စသည့် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ပတ်သတ်နေသည့် သူများအားလုံး တာဝန်များကိုရပ်စဲ ရန်လည်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စစ်တပ်ဖက်က ထိုးစစ်ဆင်တိုက်ခိုက်တာ မရှိတော့ဘူးဆိုပေမဲ့ လက်နက်ကြီး ပစ်ခတ်တာ၊ လေယာဉ်တွေနဲ့ တိုက်ခိုက်တာတွေပိုများလာလို့ ပြည်သူဖက်က ထိခိုက် သေဆုံးမှုတွေပိုများလာတယ်။ တော်တော်များများက မြို့ပေါ်ကစစ်တပ်စခန်းတွေက နေရမ်းသန်းပစ်ခတ်တာတွေ များတယ်လို့သိရတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ကျောက်ကြီး၊ နတ်သံကွင်း ဒေသများတွင် နယ်မြေထိန်းချုပ်မှုအားနည်း လာသည့်အတွက် လေကြောင်းမှနေ၍ အကြောင်းမဲ့ တိုက်ခိုက်ခြင်းများ၊ လက်နက် ကြီးများ အလွန်အကျွံ အသုံးပြုခြင်းအပြင် အင်တာနက်လိုင်းများပါ ဖြတ်တောက် ထားကြောင်းလည်း ဒေသခံများထံက သိရသည်။
ထို့ပြင် ကျောက်ကြီးနှင့်နတ်သံကွင်းမြို့နယ်အတွင်း အခြားဒေသမှ စစ်ကောင်စီ လက်အောက် တွင်လာရောက်တာဝန်ထမ်းဆောင်နေပါကလည်း အမြန်ဆုံးထွက်သွား ကြရန်နှင့် လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တာဝန်မယူ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြို့နယ်အတွင်းနေထိုင်ကြသည့်ပြည်သူများအနေနှင့်လည်း ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို တရားဝင်ခွင့်ပြုချက်နှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်လည်း ထပ်မံ ထုတ်ပြန်ထားပြီး လိုက်နာဆောင်ရွက်မှုမရှိပါက ကေအဲန်ယူက ချမှတ်ထားသည့် စည်းမျဉ်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဟု ဆိုထားသည်။
#ကျောက်ကြီး #နတ်သံကွင်း #ကေအဲန်ယူ #ပြည်သူ့အုပ်ချုပ်ရေး #ပြည်သူများပါဝင်ရန် #အကောင်အထည်ဖော် #Ayeyarwaddy_Times