ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၁ ရက်

ပြင်ဦးလွင်မှ နောင်ချိုသို့ ထိုးစစ်ဆင်ရန် ထွက်ခွာလာသည့် စစ်ကောင်စီ၏ ယာဉ်တန်း မဟာမိတ်တပ်ဖွဲ့နှင့် မန္တလေး PDF က ကြားဖြတ်တိုက်ခိုက်ခဲ့၍ နောက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် ကိုးကန့် (MNDAA) ၊ တအာင်း (TNLA) နှင့် ရက္ခိုင်တပ်တော် (AA) မဟာမိတ်ညီနောင်သုံးဖွဲ့ကို ထိုးစစ်ဆင်ရန်အတွက် မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှ ယနေ့ နို၀င်ဘာ ၁ ရက်နေ့တွင် ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို နောင်ချိုမြို့နယ် အုမ္မတီး၊ အုမ္မခါး လမ်းခွဲအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး နောက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်း မန္တလေး PDF အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါစစ်ယာဉ်တန်းသည် သံချပ်ကာ ကားနှစ်စီး၊ စစ်ကား ၃၀ ခန့်နှင့် အင်အား ၁၅၀ ၀န်းကျင်ရှိပြီး ၎င်း ယာဉ်တန်းကို ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် မန္တလေး PDF အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့်စစ်ကောင်စီ၏ သံချပ်ကာ ကားတစ်စီး ပျက်စီးခဲ့ပြီး MA -1 တစ်လက်၊ MA-2 သုံးလက်၊ MA-3 နှစ်လက်နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း မန္တလေး PDF ထံက သိရသည်။

ယင်းသို့ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် ရှေ့သို့ ဆက်မတက်နိုင်ဘဲ အထိနာလျက်ရှိပြီး ယနေ့ည ၇ နာရီခန့်အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်း နောင်ချိုမြို့သို့ ထွက်ခွာလာခြင်းမရှိခင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာများဖြင့် နံနက် ၁၁ နာရီတွင်တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီခန့်တွင် တစ်ကြိမ် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စက်သေနတ်များဖြင့် ၁၄ ကြိမ်ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ကျောက်မဲမြို့ စစ်ကောင်စီ၏ ၅၀၂ တပ်စခန်း မှလည်း လက်နက်ကြီး များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့များသည် ယနေ့တွင် ရှမ်းမြောက်ရှိ ကွမ်လုံဗျူဟာကုန်းကို ၀င်ရောက်တိုက် ခိုက်သိမ်းပိုက်ပြီး အမြောက်တပ်ရင်း ၁၂၇ စခန်း၏ ဒုတိယတန်း ကာကွယ်ရေးနေရာအထိ ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ညီနောင်မဟာမိတ်သုံးဖွဲ့မှ စစ်ဆင်ရေး ၆ ရက်တာအတွင်း စစ်ကောင်စီ၏ စစ်ရေးအရအရေးပါ သည့် တပ်စခန်း ၈၇ ခုကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တိုက်များအပြင် သံချပ်ကာကား ခြောက် စီးကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည် အထူးဒေသ(၁) ကိုးကန့်ခရိုင် ၊ ကွမ်းလုံမြို့နယ် ၊ ဟဲ့ဟော်ကျေးရွာတွင်ရှိနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့၀င် ၁၅ ဦးသည် ယမန်နေ့ အောက်တိုဘာ ၃၁ ရက်နေ့က MNDAA ထံသို့ လက်နက်များဖြင့် အလင်း၀င်ရောက်ခဲ့သည်။

ထို့ပြင် ကွမ်းလုံမြို့နယ်၏တောင်ပိုင်းရှိ ကာမိုင်းအခြေစိုက် စစ်ကောင်စီ၏ ခလရ-၁၄၃ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၄၁ ဦးသည် အောက်တိုဘာ ၃၀ ရက်နေ့တွင် လက်နက်ချအလင်း၀င်ကာ ညီနောင်မဟာမိတ်များနှင့် ပူးပေါင်းခဲ့သည်။

ဓာတ်ပုံ-မန္တလေး PDF ၊ The Kokang
#နောင်ချို #ထိုးစစ်ဆင် #စစ်ကောင်စီယာဉ်တန်း #မန္တလေးPDF #ကြားဖြတ်တိုက်ခိုက် #နောက်ပြန်ဆုတ် #Ayeyarwaddy_Times