ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် စစ်ကောင်စီမှ အုပ်ချုပ်ရေးမှူးအချို့အား ရာထူးမှ အနားပေးကာ လစ်လပ်နေရာများကို အုပ်ချုပ်ရေးမှူလုပ်ချင်သူများမှ ငွေကြေးဖြင့် လာဘ်ထိုးပြီး ဝယ်ယူနေကြကြောင်း ဒေသခံများထံမှသိရသည်။
အုပ်ချုပ်ရေးမှူးများအား အပြောင်းလဲများပြုလုပ်နေပြီး အုပ်ချုပ်ရေးမှူးဖြစ်ချင်သူများမှ စစ်ကောင်စီ၏ ကော်မတီအဖွဲ့အား ငွေပေးကာ အုပ်ချုပ်ရေးမှူးနေရာအား ရယူကြကြောင်းဒေသခံများထံမှ သိရသည်။
“ပန်းတနော်က အုပ်ချုပ်ရေးမှူးအပြောင်းရွေ့အများဆုံးမြို့လို့ပြောလို့ရတယ်။ တစ်လကို နှစ်ယောက်လောက်ပြောင်းနေတယ်။ အစက ကြံ့ခိုင်ရေးပါတီဝင်တွေ၊ သူတို့နဲ့အဆင်ပြေတဲ့သူတွေကိုခန့်တာ အခုတော့ အုပ်ချုပ်ရေးမှူးဖြစ်ချင်တဲ့သူက ငွေ သိန်း ၂၀ လောက်သွားပေးလိုက်တာနဲ့ အုပ်ချုပ်ရေးမှူး ဖြစ်တာပဲ။ အရက်ဆိုင်ရောင်းတဲ့သူတွေ ၊ အကျင့်မကောင်းတဲ့ကောင်တွေပါ အကုန်ဖြစ်နေတာ “ဟု ပန်းတနော်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
NLD အစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူးများအား လူထုရွေးချယ်မှုဖြင့် တင်မြှောက်ခဲ့ပြီး စစ်ကောင်စီတတ်လာပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးများအား လေလံပစ်သကဲ့သို့ ငွေပေးနိုင်သူများကိုသာ ခန့်ထားကြောင်းဒေသခံများထံမှသိရသည်။
“အရင်လူထုအစိုးရလက်ထက်မှာ အုပ်ချုပ်ရေးမှူးတွေကို လူထုကရွေးချယ်ပြီး မဲစနစ်နဲ့ရွေးရတာ။ ဒီတော့ အများစု ကြိုက်တဲ့သူတွေပဲ အုပ်ချုပ်ရေးမှူးဖြစ်တာ။ အခုသူတို့ လက်ထက်မှာက လူထုရွေးချယ်မှု သဘောထားကိုဂရုမစိုက်တော့ဘူး။ သူတို့ကိုငွေပေးနိုင်လားပေးနိုင်ရင် ဖြစ်တဲ့ ပုံစံမျိုးတွေ ဖြစ်နေကြတာ။ ဒီတော့ ငွေထပ်လိုချင်ရင် ပထမလူကို အကြောင်ရှာပြီးဖြုတ်တယ် ပြီးရင်ငွေပေးနိုင်တဲ့သူကို ထပ်တင်တယ်။ ဒီလိုပုံစံက အဆုံးသတ်မှာမဟုတ်တော့ဘူး “ဟု မြို့ခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပန်းတနော်မြို့နယ်တွင် ကျေးရွာအုပ်စု ၅၆ အုပ်စုရှိပြီး အများစုမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများဖြစ်ကာ ငွေပေး၍ ဝယ်ယူထားသူများဖြစ်ကြောင်း ဒေသခံများက ပြောဆိုဝေဖန်ကြသည်။
#ပန်းတနော်မြို့ #အုပ်ချုပ်ရေးမှူး #နေရာ #စစ်ကောင်စီ #ငွေဖြင့်ရောင်းဝယ်မှုပြုလုပ်နေ
#Ayeyarwaddy_Times