ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁ ရက်

ရှမ်းပြည်မြောက်ပိုင်းတွင် ဖော်ဆောင်နေသော ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုးမြို့ ဒေသခံတချို့ နေအိမ်တွင် ဗုံးခိုကျင်းတူးကာနေထိုင်နေကြပြီး တိုက်ပွဲကြားတွင် စစ်ဘေးရှောင် တစ်သောင်းနီးပါး ရှိနိုင်ကြောင်း အောက်တိုဘာ ၃၀ ရက်နေ့တွင် UNOCHA က ထုတ်ပြန်သည်။

အဆိုပါစစ်ဘေးရှောင်များသည် လားရှိုး၊ သိန္နီ၊ ကွတ်ကိုင်၊ ကျောက်မဲ၊ နှင့် မူဆယ်တို့တွင် ၆,၂၀၀ ကျော်ရှိကာတောထဲတွင် လူ ၁,၀၀၀ ကျော်နေထိုင်နေရသည့် ဘုန်းကြီးကျောင်း များအပါအဝင် ယာယီရွှေ့ပြောင်းနေထိုင်သူ ၅,၀၀၀ ကျော်ရှိ‌ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ လားရှိုးမြို့ပေါ်ကလူတွေ တချို့က ဘုန်းကြီးကျောင်းပြေးတယ်။ တချို့က အိမ်ထဲမှာ ဗုံးခိုကျင်းတူးပြီးတော့နေနေတယ်။ တခုခုဖြစ်ရင်ဝင်ပုန်းလို့ရအောင်” ဟု လားရှိုး မြို့ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တရုတ်နိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော်ကာ တိမ်းရှောင်သူ လူဦးရေရာနှင့်ချီရှိပြီး ချင်းရွှေ ဟော်မှ လူ ၅၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကာ ဘေးလွတ်ရာသို့ ထွက်ပြေးသူ အရေအတွက် တိုးလာနိုင်ကြောင်း UNOCHA ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရှမ်းမြောက်တိုက်ပွဲများအတွင်း ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုးနှင့် နမ့်ခမ်းမြို့နယ်များတွင် ကလေးနှစ်ဦးနှင့် အရပ်သားခုနစ်ဦးသေဆုံးခြင်းအပါအဝင် ကလေးတစ်ဦးနှင့် အရပ်သား ကိုးဦး ထိဒဏ်ရာရကြောင်း ယင်းထုတ်ပြန်ချက် အရသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့နယ် ၂၂ မြို့နယ်အနက် ၈ မြို့နယ်တွင် တိုက်ပွဲများပြင်းထန်ကာ လက်နက်ကြီးပစ်ခတ်မှုများရှိပြီး အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကျဲတိုက်ခိုက်ခြင်း ပြုလုပ်နေကြောင်းသိရသည်။

မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ သန်း နီးပါးရှိလာပြီး ယင်းတို့ထဲမှ လူဦးရေ ၁ ဒသမ ၇ သန်းနီးပါးက ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းယူမှုအပြီး နေရပ်စွန့်ခွာထွက်ပြေးကြရ သူများဖြစ်ကြောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့အထိ ကုလသမဂ္ဂစာရင်းများအရသိရသည်။

အဆိုပါနေရပ်စွန့်ခွာရသူများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် လူမှုဘဝကယ်ဆယ်ရေးအကူအညီများ လိုအပ်လျက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ-လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းရှိ စစ်ဘေးရှောင်များ
#၁၀၂၇စစ်ဆင်ရေး #ရှမ်းမြောက်စစ်ဘေးရှောင် #ဗုံးခိုကျင်းတူးနေထိုင် #Ayeyarwaddy_Times