ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ အောက်တိုဘာလ ၃၁ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်က ထိန်းချုပ်ထားခြင်းမရှိသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထန်တလန်မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဟု စစ်ကောင်စီ ၏ ဝါဒဖြန့် ရုပ်သံ နှင့် သတင်းစာများတွင် အောက်တိုဘာလ ၃၀ ရက်နေ့ နှင့် ၃၁ နေ့များတွင် ဖော်ပြ၍ လိမ်ညာဝါဒဖြန့်နေခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော်/ချင်းအမျိုးသားတပ်ဦး (CNA/CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ထံက သိရသည်။

အရှေ့မြောက်ဒေသ(ရှမ်းမြောက်)တွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ၎င်းတို့ တပ်တွင်းနှင့် ပြည်သူများကို လိမ်ညာလှည့်ဖြားရန်အတွက် အနောက်ဘက်ရှိ ထန်တလန်မြို့ကို ရောယောင်ကာ ဝါဒဖြန့်နေခြင်း ဖြစ်ကြောင်း သိရသည်။

“အခုတလော ထန်တလန်မြို့ထဲမှာ ဘာတိုက်ပွဲမှလည်း မရှိပါဘူး။ တိုက်ပွဲမရှိတာ တစ်လနီးပါးရှိနေပါပြီ။ ထန်တလမြို့ထဲမှာတော့ စစ်ကောင်စီတပ်၊ ကျွန်တော်တို့ CNA နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရယ်၊ နဂိုအတိုင်းပဲ တပ်စွဲထားဆဲ ဖြစ်ပါတယ်။ အဲ့ဒါ ကြောင့် သူတို့(စစ်ကောင်စီ)ရဲ့သတင်းတွေဟာ မဟုတ်မမှန်လုပ်ဇာတ်ခင်းတဲ့ သတင်း ကြီးဖြစ်နေပါတယ်”ဟု CAN/CNF၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထန်တလန်မြို့ပေါ်တွင် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များက ယခင်အတိုင်းထိန်းချုပ်ထားဆဲဖြစ်ပြီး ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ မဟုတ်မမှန်သတင်းများကို မယုံကြည်ကြရန်လည်း ဆလိုင်းထက်နီက အသိပေး တိုက်တွန်းထားသည်။

နွေဦးတော်လှန်ရေးတွင် အချိန်ဆွဲ၍ ပြည်သူများနှင့်တော်လှန်ရေး ရဲဘော်များ စိတ်ဓာတ် ကျဆင်းအောင် စစ်ကောင်စီက ပြုလုပ်နေသော်လည်း ၎င်းတို့ထင်မှတ်ထားသလို ဖြစ်မလာဘဲ ချင်းအမျိုးသားတပ်မတော်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က တိုက်ရည်၊ ခိုက်ရည်နှင့် အင်အားပိုမိုတိုးတက်လာလျက်ရှိကြောင်း သိရသည်။

“အဓိကကတော့ အရှေ့မြောက်ဒေသမှာ အရှုံးကြီးရှုံးတာကို သူတို့ရဲဘော် (စစ်ကောင်စီတပ်သား)တွေကို ပြန်ပြီးတော့ အားရှိအောင် ပြည်သူတွေကို လိမ်ညာနေတဲ့ သတင်းဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ မယုံကြည်ကြဖို့ပေါ့နော်။ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အထက်က မဟုတ်မမှန်သတင်းတွေကို အယုံကြည်မရှိ ကြဖို့နဲ့ အမှန်တရားဘက်ကနေ ရပ်တည်ဖို့ တိုက်တွန်းလိုပါတယ်”လို့ ဆလိုင်းထက်နီက ဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လမှ စတင်၍ ပထမအဆင့် ဟားခါးမြို့မှ ၄ မိုင်ကွာဝေးသော သီမြစ် ချောင်းကူးတံတားအထိ ကနဦးခြေကုတ်ယူခြင်း၊ ဒုတိယအဆင့် သီမြစ်ချောင်းကူး တံတားမှ ထန်တလန်မြို့အဝင်အထိ ခြေကုတ်ယူခြင်း၊ တတိယတွင် ထန်တလန်တမြို့လုံးကို ပြန်လည်ထိန်းချုပ်ထားနိုင်ခြင်းဖြစ်ကြောင်း ဓာတ်ပုံအမှား များဖြင့် ဝါဒဖြန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ချင်းကာကွယ်‌ရေးတပ်ဖွဲ့(ထန်တလန်)တပ်ဖွဲ့ဝင် လေးဦးကိုလည်း သုတ်သင် ရှင်းလင်းခဲ့ဟုလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဲ့ဒါက ထန်တလန်တိုက်ပွဲမှာ ကျဆုံးတဲ့ ကျွန်တော်တို့ရဲဘော်တွေ မဟုတ်ပါဘူး။ ကြာပါပြီ။ ပြီးခဲ့တဲ့ ခြောက် လလောက်က ဟားခါး-ထန်တလန်အကြားက ဓာတ်ပုံတွေကို ပြန်တင်တာပါ” ဟု စစ်ကောင်စီ၏ လိမ်ညာဝါဒဖြန့်မှုများအပေါ် ဆလိုင်းထက်နီက တုံ့ပြန်ထားသည်။

အရှေ့မြောက်ဒေသဘက်တွင် အရှုံးကြီးရှုံးနေသော စစ်ကောင်စီသည် အရှုံးဘက်ကို ဦးတည်နေပြီဖြစ်ကာ ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ အနေ ဖြင့် စစ်ကောင်စီ အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ထန်တလန်မြို့
#ထန်တလန်မြို့ #တိုက်ပွဲဖြစ်ပွားခြင်းမရှိ #စစ်ရှုံးစစ်ကောင်စီ #ထန်တလန်မြို့ထိန်းချုပ် #စစ်ကောင်စီ #လိမ်ညာဝါဒဖြန့် #Ayeyarwaddy_Times