နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တိုက်ပွဲများ ပြင်းထန်နေစဉ် အာဏာသိမ်းစစ်ကောင်စီက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သလို နေပြည်တော်တွင်လည်းတွေ့ဆုံ၍ နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စရပ်များ ထိရောက်အကျိုးရှိစွာပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်တွင် ယမန်နေ့ အောက်တိုဘာ ၃၀ ရက်က ပြုလုပ်သည့် (၇) ကြိမ်မြောက် မြန်မာ-တရုတ်နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတွင် စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီး H.E. Mr. Wang Xiaohong တို့က ဆွေးနွေးခဲ့ပြီး အစည်းအဝေး မှတ်တမ်းအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီမှာ အားကိုးစရာက တရုတ်ပဲရှိတာ သူလိုက်ရတော့မှာပေါ့၊ ဘယ်တတ် နိုင်မလဲ။ ရုရှားကလည်း သူ့ဒုက္ခနဲ့သူ ထမီမနိုင်၊ ပုဝါမနိုင် ဖြစ်နေတဲ့ကိစ္စ သူ့ကို ဘာကူနိုင် မလဲ။ အဓိကကူမှာက တရုတ်ပဲ ကူမှာလေ။ ဒါကြောင့်မလို့ တရုတ်ကို သူကပ် နေရတာပေါ့။ အရင်တုံးက ရလေမလားလို့ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် ရုရှားသွားပြီး တရုတ်အကြောင်း သွားပြီးချနေသေးတာပဲ။ အခုကျတော့ ဘာမှ မတတ်နိုင်လို့ တရုတ်ဘက် ပြန်လိုက်လာရတာ။ တရုတ်ကလည်း သူ့မူနဲ့သူပဲလေ။ ဒေသကလူတွေနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ဘာဖို့ပဲ သူ(တရုတ်)ပြောမှာပဲ“ ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်နှင့် တရုတ်-အာဆီယံ ရဲတပ်ဖွဲ့ဖိုရမ်ကဲ့သို့သော အစည်းအဝေးများ တက်ရောက်နိုင်ရေးအပါအဝင် လူမှောင်ခိုမှု၊ ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများ ကိုလည်း ပူးပေါင်းတိုက်ဖျက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် လန်ချန်း-မဲခေါင်လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးတို့တွင် ပူးပေါင်း ဆောင်ရွက်ရေး၊ စီမံကိန်းကြီးများလုံခြုံရေး၊ တရုတ်နိုင်ငံသား တရားခံပြေးများ ဖမ်းဆီး ရာတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး၊ နယ်မြေချင်း ထိစပ်နေသော တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံနယ်စပ် ဒေသများတွင်ဖြစ်ပွားသော ရာဇဝတ်မှုများနှင့်ပတ်သက်၍၎င်း စသည်တို့ကို ဆွေးနွေးခဲ့ သည်ဟု စစ်ကောင်စီက ဆိုသည်။

အလားတူ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကလည်း တရုတ်နိုင်ငံ၊ ပေကျင်း မြို့သို့ သွားရောက်၍ အောက်တိုဘာ ၂၉ ရက်က တရုတ်ဗဟို စစ်ရေးကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ ကျောင်ယို့ရှာနှင့်တွေ့ဆုံကာ နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စ ဆွေးနွေးခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ကချင်လွတ်လပ်ရေး တပ်မတော်-KIA အပါအဝင် ညီနောင်မဟာမိတ် သုံး ဖွဲ့တို့က မဟာမိတ်အဖွဲ့များနှင့်အတူ စစ်ကောင်စီ၏ စစ်ရေးအဓိကကျသော တပ်စခန်းများစွာကို တိုက်ခိုက်သိမ်းပိုက်ထားပြီး နှစ်ဖက်တိုက်ပွဲများလည်း ပြင်းထန်လျက်ရှိသည်။

ဓာတ်ပုံ – စစ်ကောင်စီ
#ကချင်နှင့်ရှမ်းမြောက် #တိုက်ပွဲပြင်းထန် #နယ်စပ်ဒေသတည်ငြိမ်ရေး #ပူးပေါင်းဆောင်ရွက်ရေး #စစ်ကောင်စီတရုတ်ဆွေးနွေး #Ayeyarwaddy_Times