ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်
အီရတ်နဲ့ ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေဟာ ဟားမာစ်အဖွဲ့အား စစ်ပွဲဆင်နွှဲ နေတဲ့ အစ္စရေးနိုင်ငံကို အမေရိကန်နိုင်ငံရဲ့ ထောက်ခံအားပေးမှု အပါအဝင် မှားယွင်းသော အမေရိကန်မူဝါဒတွေရဲ့ ရလဒ်တစ်ခုလို့ အီရန်နိုင်ငံက ပြောကြားလိုက်ပါတယ်။
“ဒေသတွင်း အထူးသဖြင့် အီရတ်နိုင်ငံရှိ အမေရိကန် စစ်ဘက်အခြေစိုက်စခန်းတွေအပေါ် တိုက်ခိုက်မှုက ဒေသတွင်း မှားယွင်းတဲ့ အမေရိကန်မူဝါဒတွေရဲ့ရလဒ် ဖြစ်ပါတယ်” လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေး ဆိုခွင့်ရှိသူ နာဆာကန်နာနီက ပြောပါတယ်။
တိုက်ခိုက်မှုတွေကို ဒေသတွင်း အမေရိကန်တပ်ဖွဲ့တွေ တပ်စွဲတာနဲ့ အစ္စရေးအစိုးရရဲ့ ရာဇဝတ်မှုတွေ အတွက် အမေရိကန်နိုင်ငံရဲ့ ထောက်ခံအားပေးမှုကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေက လုပ်ဆောင်ခဲ့တာလို့ သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံက သူ့ရဲ့လုပ်ရပ်အတိုင်း အကျိုးခံစားရမှာဖြစ်ပြီး အစ္စရေးနိုင်ငံကို ထောက်ခံအားပေးတာ ရပ်တန့်ဖို့ သူက တိုက်တွန်းလိုက်ပါတယ်။
ဟားမာစ်အဖွဲ့ကို ဘဏ္ဍာရေးနဲ့ စစ်ရေးအရ ထောက်ပံ့ပေးတဲ့ အီရန်နိုင်ငံက အဆိုပါစစ်သွေးကြွအဖွဲ့ရဲ့ အောက်တိုဘာလ ၇ ရက် အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုကို အောင်မြင်မှုတစ်ခုအဖြစ် ချီးကျူးခဲ့ပေမယ့် မည် သည့်ပါဝင်မှုမျှ မရှိခဲ့ကြောင်း ငြင်းဆန်ခဲ့ပါတယ်။
အစ္စရေးနိုင်ငံရဲ့ မြေပြင်တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်ဖို့ ဟားမာစ်အဖွဲ့က အဆင်သင့်ဖြစ်နေပြီလို့ အီရန် စစ်ဉီးစီးချုပ် မိုဟာမက်ဘာဂါရီက အောက်တိုဘာလ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေကို အီရန်နိုင်ငံက ကူညီခဲ့တယ် လို့ အိမ်ဖြူတော်က စွပ်စွဲခဲ့ပါတယ်။
အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ ဆက်စပ်အုပ်စုတွေ အသုံးပြုနေတဲ့ ဆီးရီးယားအရှေ့ပိုင်းရှိ စစ် ဘက်စခန်း ၂ ခုကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောကြားခဲ့ပါတယ်။
တော်လှန်ရေးအဖွဲ့တွေကို ပံ့ပိုးကူညီရမယ့် တာဝန်ရှိတယ်လို့ အီရန်သမ္မတ အီဘရာဟင်ရိုင်စီက ပြော ကြားခဲ့ပေမယ့် အဆိုပါအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ သူက ဆိုပါတယ်။
အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ပြန်လည်နိုးထလာတာကို ဟန့်တားဖို့ အမေရိကန်နိုင်ငံက အီရတ်နိုင်ငံမှာ တပ်ဖွဲ့ဝင် ၂၅၀၀ နဲ့ ဆီးရီးယားမှာ ၉၀၀ ခန့် ဖြန့်ကြက်ထားပါတယ်။
ကိုးကား – The Times of Israel
Ref; Iran says strikes on US troops are due to its support for Israel, presence in region