ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်

မိမိတို့နှင့် သက်ဆိုင်ရာ ဒေသများအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် ညီနောင်မဟာမိတ်သုံးဖွဲ့မှ လေးလေးနက်နက် တိုက်တွန်းကြောင်း ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးစတင်သည့် အချိန်မှစ၍ ညီနောင်သုံးဖွဲ့သည် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် သိန္နီမြို့များကို လုံး၀ထိန်းချုပ်ထားနိုင်ခဲ့ပြီး အခြားဒေသများမှ ဒေသကာကွယ်ရေးတပ်ဖွဲ့များသည်လည်း စစ်ဆင်ရေးများ တပြိုင်နက်ပြုလုပ်လာသည့်အတွက် အာဏာရှင်စနစ် အမြစ်ပြတ်ရေး အကြိုနိမိတ်ပင်ဖြစ်သည်ဟု ညီနောင် မဟာမိတ်သုံးဖွဲ့က ဆိုသည်။

ထို့ပြင် အခြားတော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့်လည်း ဤကဲ့သို့ ရတောင့်ရခဲ၊ ကြုံတောင့်ကြုံခဲ အခွင့်အရေးကို အမိအရဖမ်းဆုပ်ကိုင်ပြီး ကိုယ့်ဒေသ အတွင်းရှိ စစ်ကောင်စီ၏တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း ၀င်တိုက်ကြရန် တိုက်တွန်းထားသည်။

ကချင်လွတ်မြောက်တပ်မတော်(KIA) သည် ညီနောင်မဟာမိတ်သုံးဖွဲ့မှ ရက္ခိုင့် တပ်တော် (AA)နှင့် ပူးပေါင်း၍ မြစ်ကြီးနား-ဗန်းမော်ကားလမ်းမအနီးရှိ စစ်ကောင်စီ၏ ဂန်ဒေါင် ယန်စခန်း၊ နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီ၏ ခလရ-၃၂၄ တို့ကို အပြီးသတ်ချေမှုန်း၍ စခန်းများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ညီနောင်မဟာမိတ်သုံးဖွဲ့မှ တအာင်းတပ်မတော်(TNLA)ကလည်း လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ မိုင်းပါးတပ်စခန်း၊ မိုင်းကျက်တပ်စခန်းနှင့် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ ၏ မန်ခမ်းစုပေါင်း စစ်ဆေးရေးဂိတ်စခန်းတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့ပြီး ဒုတပ်ရင်းမှူးအပါအ၀င် ရှစ် ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်များသည် မြေပြင်စစ်ကူမရရှိသည့် အခြေအနေတွင် လေကြောင်းမှ နေ၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများကို ရွေး၍ အရပ်သား ပြည်သူများ အား ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိပြီး ယနေ့အောက်တိုဘာ ၃၁ ရက်နေ့တွင် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး အလောဘွမ်တောင် ကုန်းဘက်သို့ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-Operation 1027 – 3BHA
#သက်ဆိုင်ရာဒေသများ #စစ်ကောင်စီတပ်စခန်းများ #စစ်ဖက်နှင့်သက်ဆိုင်သည့်စခန်းများ #တပြိုင်နက်တည်းဝင်တိုက် #ညီနောင်မဟာမိတ်၃ဖွဲ့တိုက်တွန်း #Ayeyarwaddy_Times