ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်
ပြည်တွင်းတွင် လိုအပ်သောကုန်များ တင်သွင်းရာဖြစ်သလို ပြည်တွင်း ပို့ကုန်များကိုလည်း အဓိက တင်ပို့ရာလမ်းကြောင်းဖြစ်သော တရုတ် နယ်စပ် ကုန်သွယ်ရေး စခန်းမူဆယ် (၁၀၅ ) မိုင်ဇုန်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဇုန်နှစ်ခုကို ရှမ်းမြောက်ရှိ တိုက်ပွဲများကြောင့် ရပ်နားထားကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်များ ဝင်ရောက်မလာနိုင်စေရန်အတွက် နယ်စပ်ကုန်သွယ်ရေး ဇုန်သွားရာလမ်းကြောင်းပေါ်ရှိ မူပန် ( သိန္နီတံတား) ကို စစ်ရေးလိုအပ်ချက်အရဖျက်ဆီးခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ပြည်တွင်းထွက်ကုန်များတင်ပို့ခြင်းနှင့် တရုတ်ပြည်မှ ကုန်ပစ္စည်းများတင်သွင်းရာ အကြီးမားဆုံးနယ်စပ် ကုန်သွယ်ရေးလမ်း ကြောင်း မူဆယ် (၁၀၅ ) မိုင် စီးပွားရေးဇုန် နှင့် ချင်းရွှေဟောင် ( မိန်းတိန်) တို့တွင် ကုန်စည်စီးဆင်းမှုရပ်ထားသည်မှာ လေးရက်ရှိပြီဖြစ်ကြောင်းသိရသည်။
မြန်မာ – တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ဇုန်၌ တစ်ရက်လျှင် ကုန်စည်စီးဆင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ နှစ်သန်း နီးပါးရှိကြောင်းသိရသည်။
မူဆယ် (၁၀၅) မိုင်တွင် စီးပွားရေးလုပ်ငန်းများအားလုံးရပ်ထားရပြီး ကုန်စည်စိစစ်ရေး နှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများလည်း စစ်ဆေးနိုင်ခြင်းမရှိကြောင်း မူဆယ်မြို့ခံကုန်သည်တစ်ဦး ထံက သိရသည်။
“ တရုတ်ဘက်ကနေကုန်အဝင်တွေအများကြီးရှိတယ်။ ဒီကနေထွက်ဖို့လည်းရှိတယ်။ အခု ဆန်ရာသီ ဆိုတော့ ဆန်တွေပို့ဖို့ရှိတယ်။ ဟိုဘက်ကနေကုန်တွေဝယ်လာဖို့ရှိတယ်။ ကုန်သည်တွေကတော့ စိတ်ညစ်နေတာပဲ သူတို့စာထုတ်ထားတဲ့ ၂၇ ရက်နေ့ကတည်းက ကုန်ကားအဝင်အထွက်မရှိတာ” ဟု မူဆယ်မြို့ခံကုန်သည်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယခင်ကဖြစ်ပွားသောတိုက်ပွဲများတွင် တစ်ရက်၊ နှစ်ရက်သာကြာမြင့်ပြီး ကုန်လမ်းကြောင်း ပြန်ဖွင့်ကြောင်း၊ ယခုတိုက်ပွဲသည် အင်အားကြီးမားသဖြင့် ကုန်စည်စီးဆင်းနိုင်ရေး ကြန့်ကြာနိုင်ကြောင်း မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယခုလသည် ဆန်ထွက်ရာသီဖြစ်ပြီး ဆန်တင်ပို့ရန်နှင့် ပဲတီစိမ်း၊ ပြောင်းဖူး၊ နှမ်း၊ မြေပဲဆံ နှင့် ကဏန်းများတင်ပို့ရန်ရှိကြောင်း မူဆယ် (၁၀၅ ) မိုင်ဇုန်ရှိ ကုန်သည်တစ်ဦးက ပြောကြားသည်။
မြန်မာဘက်ခြမ်းမှ စိုက်ပျိုးသီးနှံထွက်ကုန်နှင့် ရေထွက်ကုန်များတင်ပို့ပြီး တရုတ်ဘက် ခြမ်းမှ စက်သုံးဆီအပါအဝင် ဒီဇယ်မီးစက်၊ ဆိုလာပြား၊ ကုန်ကြမ်းပစ္စည်းများအပါအဝင် စပျစ်သီး၊ လိမ္မော်သီးနှင့် ဖိနပ်မျိူးစုံတင်သွင်းရန်ရှိကြောင်းသိရသည်။
ထို့ပြင်မြန်မာ – တရုတ် ဒုတိယအရေးကြီးသော နယ်စပ်ကုန်သွယ်ရေးဇုန် ချင်းရွှေဟော် ( မိန်းတိန်) တွင် ဆန်မာ၊ ဆန်ပျော့၊ ပြောင်း နှင့် သကြားတို့အဓိကတင်ပို့ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန(စီး/ကူး) ထံက သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့အထိ မူဆယ် (၁၀၅ ) မိုင် နယ်စပ်စီးပွားဇုန်တွင် ပို့ကုန်ယာဉ် ၄၄ စီးနှင့် သွင်းကုန်ယာဉ် ၉၈ စီးဖြင့် ကုန်စည်စီးဆင်းမှုရှိကြောင်း စီး/ကူး ဌာနက သိရသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၂၄ ဒသမ ၁၃၁သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၃၀ ဒသမ ၃၅၃ သန်း ရရှိပြီးကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၅၄ ဒသမ ၄၈၄ သန်းရှိကြောင်းသိရသည်။
ထို့ပြင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့ အထိ ပို့ကုန်တန်ဖိုး ၆ ဒသမ ၈၃၇ ဒေါ်လာသန်း၊ သွင်းကုန် ၂၃ ဒသမ ၁၁၁ ဒေါ်လာသန်းဖြင့် ကုန်သွယ်မှုပမာဏ ၂၉ ဒသမ ၉၄၈ ဒေါ်လာသန်းရှိကြောင်း စစ်ကောင်စီ၏ စီး/ကူး ဝန်ကြီးဌာနထံက သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ် ချင်းရွှေဟော်အနီးတွင် ဗဟိုပြု၍ စစ်ဧရိယာ ချဲ့နေသည့် ကိုးကန့်(MNDAA)၊ တအာင်း(TNLA)၊ ရက္ခိုင့်တပ်တော်(AA) ညီနောင် မဟာမိတ် တပ်ဖွဲ့သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်းရေးလှုပ်ရှားမှုတွင် မူဆယ်ခရိုင်ရှိ ဖောင်းဆိုင်နှင့် လောင်ကိုင်မြို့နယ်၊ ချင်းရွှေဟော်တို့ကို အပြီးသတ် ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း Operation 1027 – 3BHA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – MOC , MNDAA
#ရှမ်းမြောက် #၁၀၂၇စစ်ဆင်ရေး #တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန် #ရပ်နားထား#လောက်ကိုင်ချင်းရွှေဟော်ဇုန် #Ayeyarwaddy_Times