ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်

ဂမ်ဘီယာနိုင်ငံက မြန်မာကို ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့အပေါ် စစ်ကောင်စီရဲ့ ကနဉီးကန့်ကွက်ချက်တွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဒီကနေ့ ကြေညာခဲ့ပါတယ်။

ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က ICJ တရားရုံးမှာ ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုတွေ အပေါ် မြန်မာစစ်ကောင်စီရဲ ကန့်ကွက်ချက်တွေကို ICJ က ကြားနာခဲ့တာဖြစ်ပါတယ်။

မြန်မာ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး အမှုကို တရားရုံးက လက်ခံသင့် မသင့်ကိစ္စကို မြန်မာဘက်က ကန့်ကွက် ထားတဲ့အချက်အားလုံးကို ICJ က ပယ်ချလိုက်ပါတယ်။

ဂမ်ဘီယာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းကို လက်မှတ်ရေး ထိုးထားလို့ မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်မှု ရှိ မရှိနဲ့ပတ်သက်ပြီး တရားစွဲဆိုခွင့်ရှိတယ်လို့ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်က ဆိုပါတယ်။

အရပ်သား NLD အစိုးရလက်ထက်က ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး တရားရင်ဆိုင်ဖြေရှင်းခဲ့ပြီး လက်ရှိမှာတော့ စစ်ကောင်စီဝန်ကြီး ကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့က ဖြေရှင်းနေပါတယ်။

ကိုးကား – ICJ
Photo – Euractiv